၁၄ နှစ်သမီးကို ပြည့်တန်ဆာဇာတ်သွင်းရန် သွေးဆောင်ခဲ့သည့် မိန်းကလေးအား ဖမ်းဆီး

ဓာတ်ပုံ - နေးရှင်း
ထိုင်းနိုင်ငံမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးကို ပြည့်တန်ဆာဇာတ်သွင်းဖို့ ဖျားယောင်းသွေးဆောင်ခဲ့တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ထိုင်းခရီးသွားရဲဌာန ဒုတိယရဲချုပ် ဆူရာချိတ် ဟက်ခ်ဖန်က အဲဒီမိန်းကလေး ၂ ဦးနဲ့အတူ ချောင်ဘူရီခရိုင်ထဲက ဟိုတယ်တခုတွင်းမှာ တည်းခိုနေထိုင်တဲ့ အိန္ဒိယအမျိုးသားတဦးကို ဒီကနေ့မနက်ပိုင်းက ဖမ်းမိခဲ့တာလို့ သတင်းထောက်တွေကို ပြောပါတယ်။ အသက် ၁၇ နှစ်အရွယ် မိန်းကလေးရဲ့ နာမည်ကိုတော့ ဘီးလို့ဖော်ပြပြီး သူဟာ (သတင်းမှာ အေးလို့ဖော်ပြတဲ့) ၁၄ နှစ်အရွယ် မိန်းကလေးကို ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် ပတ္တယားကို တခြားလူငယ်တွေနဲ့ သွားလည်ကြဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အေး ရောက်လာချိန်မှာတော့ သူက ပါမော့ဒ်ကူးမားလို့ အမည်ရတဲ့ အိန္ဒိယအမျိုးသားနဲ့ လိင်ဆက်ဆံဖို့ အခကြေးငွေ ဘတ် ၅၀၀၀ မှာ ကော်မရှင်ခ ဘတ်ငွေ ၁၀၀၀ နဲ့ ပို့ဆောင်ထားခဲ့တာပါ။ ဒါပေမယ့် အေးဟာ အိမ်ကို ထွက်ပြေးခဲ့ချိန်မှာတော့ ဘီးက လိုက်လာခဲ့ပြီး အေးဟာ သူ့ငွေတွေကို ခိုးယူသွားလို့ ပတ္တယားကို ပြန်လိုက်ခဲ့ပြီး အကြွေးဆပ်ဖို့ အလုပ်လုပ်ပေးရမယ်ဆိုပြီး မိဘတွေကို တိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အေးရဲ့မိဘတွေကတော့ ဒါကို ငြင်းဆန်လိုက်ပြီး ရဲတွေကို အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဘီးဟာ လူကုန်ကူးမှု၊ အသက်မပြည့်သေးတဲ့ ၁၅ နှစ်အောက် မိန်းကလေးကို ပြည့်တန်ဆာဇာတ်သွင်း ဖျားယောင်းမှုတွေ အပါအဝင် အမှု ၆ ခုနဲ့ တရားရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ကူးမားကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးတဦးကို အုပ်ထိန်းသူဆီက ခေါ်ဆောင်မှု၊ အဓမ္မပြုကျင့်မှုတွေနဲ့ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up