မန္တလေးတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသည့် ကျူးကျော်တဲ ၈ လုံးကို ရှင်းလင်း
DVB
·
June 5, 2018
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ် အစပ်မှာရှိတဲ့ ဧရာဝတီမြစ်ကမ်းဘေးရှိ ကျူးကျော်တဲတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်နေတယ်လို့ သတင်းရရှိတဲ့ ကျူးကျော်တဲ ရှစ်လုံးကို ရဲတပ်ဖွဲ့နဲ့ စည်ပင်တို့ ပူးပေါင်းပြီး ဒီကနေ့ မနက်က ရှင်းလင်းနေပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်နေတယ်လို့ ဒေသခံတွေက သတင်းပေးလို့ သွားရောက်ရှင်းလင်းတာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ရောင်းဝယ်သူတွေကိုတော့ မတွေ့ရဘူးလို့ အောင်မြေသာစံမြို့နယ် ရဲမှူးဇော်နိုင်က ပြောပါတယ်။
ဇွန်၂ ရက်ကလည်း ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ရပ်ကွက်မှာရှိတဲ့ မူးယစ်ဆေး ရောင်းဝယ်နေတဲ့ ကျူးကျော်တဲ ၂၃ လုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မန္တလေးမြို့တော် စည်ပင်တို့ ပူပေါင်းပြီး သွားရောက် ဖျက်ဆီးခဲ့ကြပါတယ်။