Home
ဆောင်းပါး
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ ပုပ်လို့ ပေါ်လာတဲ့ကိစ္စတွေ…
DVB
·
June 5, 2018
အရှေ့တောင်အာရှနဲ့ နိုင်ငံတကာကို အတော်လေး စိတ်ဝင်တစား ဖြစ်စေခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ ၁၄ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကြီးကတော့ ပြီးသွားခဲ့ပါပြီ။ မလေးရှားနိုင်ငံ ခေါင်းဆောင်ဟောင်းကြီးဖြစ်တဲ့ မဟာသီယာ မိုဟာမက်က လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို အနိုင်ရသွားခဲ့လို့ မဟာသီယာ မိုဟာမက်ဟာ ကမ္ဘာ့အသက်အကြီးဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အခု အနိုင်ရရှိခဲ့တဲ့ ဝန်ကြီးချုပ် မဟာသီယာက သူ့တပည့်ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ‘သူခိုး’ လို့ စွပ်စွဲ ပြောဆို မဲဆွယ်ခဲ့ပါတယ်။ အဲဒီလို စွပ်စွဲပြောဆိုခံခဲ့ရတာကလည်း အတော်လေး ဆိုးဆိုးဝါးဝါး အပုပ်နံ့ထွက်ခဲ့တဲ့ မလေးရှားနိုင်ငံပိုင် ရင်နှီးမြှုပ်နှံမှု ရန်ပုံငွေ (1 MDB) ကနေ တာဝန်ရှိပုဂ္ဂိုလ်တွေက ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော် ခိုးယူခဲ့မှုနဲ့ အဲဒီငွေတွေထဲက တချို့ဟာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ ကိုယ်ပိုင်ငွေစာရင်းထဲကို ရောက်ရှိသွားတယ်ဆိုတဲ့ ကိစ္စကြီးပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးလို့ ရက်ပိုင်းအတွင်းမှာပဲ မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် (MACC) ရဲ့ အကြီးတန်းအရာရှိတယောက်က ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို အကျင့်ပျက်ခြစားမှု၊ ရှင်းမပြနိုင်တဲ့ ပိုင်ဆိုင်မှုတွေ တွေ့ရှိမှုနဲ့ အရေးယူဖို့ ကော်မရှင်ကို တင်ပြ တောင်းဆိုလိုက်တဲ့အကြောင်း မလေးရှားနိုင်ငံ သည်စတား သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ အကြီးတန်းအရာရှိဟောင်းတဦးဖြစ်တဲ့ အက်ဘ်ဒူလ်ရာဇတ် အိုင်းဒရစ်က “ကျနော် ဒီနေ့ အစီရင်ခံ တင်ပြတောင်းဆိုမှုကို လုပ်လိုက်ရတာက မလေးရှား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အမြန်အရေးယူ ဆောင်ရွက်နိုင်အောင်ပါ” လို့ သတင်းထောက်တွေကို ကွာလာလမ်ပူမြို့မှာ ပြောကြားခဲ့ပါတယ်။ သူက အဲဒီလို အစီရင်ခံ တင်ပြတောင်းဆိုလိုက်တာကလည်း မလေးရှား အကျင့်ပျက်ခြစားမှု အကြီးအကဲ ရာထူးကနေ နုတ်ထွက်စာတင်လိုက်တဲ့ နေ့မှာပဲ ဖြစ်ပါတယ်။ သူက သူ့ရဲ့ အထက်အရာရှိဟောင်းဖြစ်သူက သူ့ကို အဲဒီလို အစီရင်ခံ တင်ပြ တောင်းဆိုဖို့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သလို အရင်အစိုးရလက်ထက်မှာ သူ ဒီလို မလုပ်ခဲ့တာက ဘာမှ အကျိုးရှိမှာမဟုတ်၊ ဘာအရေးယူမှုမှ လုပ်မှာမဟုတ်လို့ပါပဲလို့လည်း သတင်းထောက်တွေကို ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကတော့ သူ ဘာအမှားမှ မကျူးလွန်ခဲ့ပါဘူးလို့ ငြင်းဆိုခဲ့ပြီး ရွေးကောက်ပွဲ ရှုံးပြီးအချိန်မှာ သူ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO) ကနေ နုတ်ထွက်ခဲ့သလို တချိန်က အာဏာရပါတီဖြစ်တဲ့ ဘာရစ်ဆန် အမျိုးသားမဟာမိတ်ပါတီကလည်း နုတ်ထွက်ခဲ့ပါတယ်။ မကြာခင်မှာပဲ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ကြီးချုပ်ဟောင်း နာဂျစ်နဲ့ သူ့ဇနီးကို နိုင်ငံက ထွက်ခွာခွင့် မပေးတဲ့သူများ စာရင်းဝင်ထဲမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ခဲ့ပါတယ်။ တကယ်တော့ ဒီထုတ်ပြန်ကြေညာချက်ဟာ နာဂျစ်နဲ့ သူ့ဇနီးတို့ ပုဂ္ဂလိကလေယာဉ်နဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာကို ထွက်ခွာဖို့ ခရီးစဉ်ကို တွေ့ရှိပြီးချိန်မှာမှ လူဝင်မှုကြီးကြပ်ရေး ဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်နဲ့ အစိုးရသစ်ရဲ့ စစ်ဆေးမှုကို ရင်ဆိုင်ရမှာဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်လည်း လေယာဉ်ရှိရာကို ရောက်မလာခဲ့ဘဲ အင်ဒိုနီးရှား ပရင်မီအဲ ကုမ္ပဏီပိုင် ဂျက်လေယာဉ်ဟာလည်း ကွာလာလမ်ပူမြို့နားက ဆူးဘန်း လေယာဉ်ကွင်းထဲမှာပဲ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကလည်း “မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ကျနော်နဲ့ ကျနော့်မိသားစုကို နိုင်ငံရပ်ခြား ထွက်ခွာခွင့်မပေးကြောင်း ကျနော့်ကို အကြောင်းကြားခဲ့ပါတယ်။ ဒီညွှန်ကြားမှုကို ကျနော် လေးစားလိုက်နာပါတယ်။ ကျနော်ဟာ မိသားစုနဲ့အတူ နိုင်ငံထဲမှာပဲ ရှိနေမှာပါ” လို့ သူ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဝန်ကြီးချုပ်သစ် မဟာသီယာမိုဟာမက်ကလည်း နာဂျစ်နဲ့ သူ့ဇနီးကို သူကိုယ်တိုင် ခရီးသွားခွင့်ပိတ်ဖို့ အမိန့်ပေးခဲ့တာဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပြီး “အမှားအယွင်းမှာ ပါဝင်ပတ်သက်တဲ့သူတချို့နဲ့ ဆုံးဖြတ်ချက်မှားခဲ့တဲ့သူ တချို့ကို ပိတ်ပင်ဟန့်တားမှုတချို့ ကျနော်တို့ ချမှတ်ထားပြီးပါပြီ” လို့ သတင်းထောက်တွေကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မဟာသီယာက မလေးရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (1 MDB) အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုဖိုင်ကို ဌာနဆိုင်ရာ လျှို့ဝှက်ချက် အက်ဥပဒေအောက်မှာ ကန့်သတ်မထားဖို့ သူ အမိန့်ထုတ်ပြီးတဲ့အကြောင်းနဲ့ သူတို့က သူ့ဆီကို အစီရင်ခံ တင်ပြရမှာဖြစ်ပြီး အဲဒါကို သူ လေ့လာပါမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ (1 MDB)  စုံစမ်းစစ်ဆေးမှု ပြန်လည်ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ သူက “ ကျနော်တို့က အဲဒါကို ဖြစ်နိုင်သမျှ မြန်မြန်လုပ်ချင်ပါတယ်” လို့ ပြောခဲ့သလို “အဲဒါက အတော်ရှုပ်ထွေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေ အများကြီးရှိသလို ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကလည်း အများကြီး ပါဝင်ခဲ့တယ်လေ။ ငွေကြေးခဝါချမှုနဲ့လည်း ပတ်သက်နေတယ်လို့ ခင်ဗျားတို့သိထားတဲ့ ဒီငွေကိစ္စကို စုံစမ်းစစ်ဆေးရပါလိမ့်မယ်။ ကျနော်တို့ အမေရိကန်၊ ဆွစ်ဇာလန်နဲ့ စင်ကာပူတို့နဲ့လည်း ဆက်သွယ်ရပါဦးမယ်” လို့လည်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကတော့ သူ့ရဲ့ ချို့ယွင်းအားနည်းချက်တွေနဲ့ အမှားတွေအတွက် သူ့ရဲ့ တွစ်တာစာမျက်နှာကနေ တောင်းပန်ခဲ့ပါတယ်။ သူက “နိုင်ငံရေးလောကမှာ ဆယ်စုနှစ် လေးခုလောက် လုပ်ကိုင်ခဲ့ပြီး ဝမ်းနည်းစရာ ပုဂ္ဂိုလ်ရေး အတော်ဆန်ခဲ့သလို မလေးရှားသမိုင်းမှာလည်း အပြင်းထန်ဆုံးလို့ ဆိုရလောက်တဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲ ပြီးတဲ့အချိန်မှာ လွန်ခဲ့တဲ့နှစ်တွေက ကျနော် အချိန်လုံလုံလောက်လောက်ပေးပြီး မတွေ့နိုင်ခဲ့တဲ့ မိသားစုနဲ့အတူ နေဖို့ ကျနော် ခဏလောက် အနားယူချင်ပါတယ်” လို့လည်း သူက ရေးသားခဲ့ပါတယ်။ သူ့ရဲ့ပါတီက နုတ်ထွက်အပြီးမှာ ပါတီရဲ့ အမြင့်ဆုံးကောင်စီကိုလည်း “ကျနော့်အနေနဲ့ ရာထူးက ဆင်းပေးဖို့လည်း ကိုယ်ကျင့်သိက္ခာအရ တာဝန်ရှိပါတယ်။ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ကျနော်တို့အားလုံး ဝမ်းနည်းခဲ့ကြရပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ အခြေခံမူတွေကို ကိုင်စွဲထားတဲ့ ပါတီတရပ်ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ကျနော်တို့ လက်ခံပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ရော ပါတီခေါင်းဆောင်အနေနဲ့ပါ သူ့ကို အဓိက ထိုးနှက်ခံလိုက်ရတဲ့ ကိစ္စကတော့ ၂၀၁၅ ခုနှစ်ထဲမှာ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေထဲကနေ ဒေါ်လာ သန်း ၇၀၀ ကို သူ့ဘဏ်ငွေစာရင်းထဲ လွှဲပြောင်းရယူလိုက်တယ် ဆိုတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ သူက အဲဒီကိစ္စကို ငြင်းဆိုခဲ့ပြီး အဲဒီငွေတွေဟာ ဆော်ဒီအာရေးဗျ တော်ဝင်မိသားစုကပေးတဲ့ အလှူငွေတွေဖြစ်ပြီး သူကလည်း ပြန်ပေးခဲ့ပြီးဖြစ်တယ်လို့ ဖြေရှင်းခဲ့သလို နိုင်ငံရဲ့ အာဏာပိုင်တွေကလည်း သူ့ကို ဒီကိစ္စက ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ အမနာပသတင်းဟာ မေလ ၉ ရက် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးပွဲတွေမှာ အဓိကထိုးနှက်တိုက်ခိုက်စရာ အကြောင်းအရာတခု ဖြစ်လာခဲ့ပြီး သူ့ဆရာဖြစ်တဲ့ မဟာသီယာကပဲ သူ့ကို အလဲထိုး အနိုင်ယူသွားခဲ့ပါတယ်။ ခုချိန်မှာတော့ မဟာသီယာ အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုကို ဝန်ကြီးချုပ်ဟောင်း နာဂျစ်အနေနဲ့ ရင်ဆိုင်ဖြေရှင်းရတော့မှာပဲ ဖြစ်ပါတယ်။ ဘန်ကောက်ပို့စ် သတင်းထောက် အဲရစ် ပါပတ်က တကယ်လို့များ ဝန်ကြီးချုပ်ဟောင်း နာဂျစ်မှာ အပြစ်ရှိတယ်လို့ တွေ့ရှိရင်ရော ထောင်ကျမှာလားလို့ မေးတဲ့ မေးခွန်းကို ဖြေကြားရမှာတော့ ဝန်ကြီးချုပ် မဟာသီယာက … “ဥပဒေက ဝန်ကြီးချုပ်တယောက်နဲ့ သာမန်ပြည်သူလူထုကြားမှာ ခွဲခြားမှု မရှိပါဘူး။ တရားရုံးရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်ပါတယ်” လို့ ဖြေဆိုသွားခဲ့ပါကြောင်း။            ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024