ကြမ်းတမ်းသည့် ကိုယ်နှုတ်အမူအရာရှောင်ရှားရန် လွှတ်တော်အမတ်များကိုသတိပေး
DVB
·
June 5, 2018
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကြမ်းတမ်းတဲ့ ကိုယ်နှုတ်အမူအရာတွေကို ရှောင်ရှားကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သတိပေးလိုက်ပါတယ်။
ဇွန်လ ၄ ရက်ကပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ သတိပေးခဲ့တာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ မင်းကင်း မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးမောင်မြင့်ရဲ့ ထပ်ဆင့်မေးခွန်းမေးအပြီးမှာ အခုလို သတိပေးခဲ့ တာလည်း ဖြစ်ပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား ဒီလိုမေးမြန်း မေးခွန်းတွေးမြန်းတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များဟာ ဆိုလို့ရှိရင် မိမိရဲ့ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ပြုမူပြောဆို ရမှာဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ကိုယ်နှုတ်အမူအရာတွေကို ရှောင်ရှားဖို့ ဒါ သတိပေးလိုပါတယ်။”
မင်းကင်း မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးမောင်မြင့်က လျှပ်စစ်စီမံကိန်းတွေကို တင်ဒါခေါ်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ မလုပ်ခဲ့တဲ့အပေါ် မေးခွန်းထုတ်ရာမှာ လွှတ်တော်အတွင်း စာရွက်ကို လက်နဲ့ ခပ်ကြမ်းကြမ်းပုတ်ပြီး ဒေါသတကြီး မေးခဲ့တာ ဖြစ်ပါတယ်။
သူက အဲ့ဒီလို ဒေါသတကြီးမေးခွန်းထုတ်ခဲ့ပေမယ့် လျှပ်စစ်နဲ့ စွမ်းအင်ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်ကတော့ သူတာဝန်ယူချိန်မှာ လျှပ်စစ်မီးပြည့်ပြည့်၀၀ရရှိဖို့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ လုပ်ဆောင်မှာဖြစ်တယ်လို့ လွှတ်တော်ထဲပြောခဲ့ပြီးဝန်ကြီးရဲ့ ပြောဆိုမှုအပြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက လက်ခုပ်တီးအားပေးခဲ့ကြတာလည်း တွေ့မြင်ရပါတယ်။
သီပေါမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပထမအကြိမ် ပြည်သူ့ လွှတ်တော်တုန်းကလည်း အလားတူ သတိပေးတာမျိုး ရှိခဲ့ဖူးပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
“ကျနော့်အမြင်ကတော့ လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဒေါသတကြီးနဲ့ မေးတာတို့ ပြောတာဆိုတာတွေကိုတော့ အမြဲတမ်းအဲ့လိုဖြစ်လို့ရှိရင်တော့ တဘက် တဘက် အပြန်အလှန် မလိုလားအပ်တဲ့ ပဋိပက္ခတွေ ပေါ်လာနိုင်တယ်လေ။ ဒါကြောင့်မို့လို့ သတိပေးတာ သင့်တော် တယ်လို့ ထင်တယ်။”