Live
Home
မြန်မာသတင်း
ကျိုက်ထီးရိုးဘုရား ဂေါပကသစ် သီတင်းကျွတ်မတိုင်မီ အပြီးသတ်ရွေးချယ်မည်
DVB
·
June 5, 2018
  မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်အတွက် ဂေါပကအဖွဲ့သစ်ကို အခုနှစ်သီတင်းကျွတ်မတိုင်ခင် အပြီးသတ်ရွေးချယ်သွားမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ဂေါပကအသစ်ပြန်လည်ရွေးချယ်ဖို့ သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်ရယူ ထားပြီး မွန်ပြည်နယ်အစိုးရကလည်း အတည်ပြုထားပြီးဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ “အသစ်ပြန်ရွေးဖို့အတွက် (ကျိုက်ထီးရိုးဂေါပက)နာယကဖြစ်တဲ့ ပြည်ထောင်စု သစ်တော ရေးရာဝန်ကြီးရဲ့ သဘောတူညီချက်လိုတယ်။ အဲဒါကို တောင်းပြီးပြီ။ သာသနာရေးဝန်ကြီးဆီက နေလည်းတောင်းပြီးပြီ။ မြို့နယ်သြ၀ါဒစရိယအဖွဲ့ရဲ့ သဘောတူညီမှုလည်းလိုတယ်။ သုံးခုလုံး လိုတဲ့ အတွက် သုံးခုလုံးယူပြီးပြီ။ ယူပြီးရင် မြို့မိမြို့ဖ နှစ်ဦးကို ပြန်ရွေးမယ်။ သူတို့ကို ရွေးမယ်ဆိုရင် သူတို့လုပ်မလား၊ မလုပ်ဘူးလားဆိုတာတော့ ပြန်မေးရတယ်။ အခုစစ်ပြီးပြီ။ မွန်ပြည်နယ်အစိုးရအဖွဲ့ကလည်း အတည်ပြုပြီးပြီ။ မြို့နယ်ကို ပြန်ချပြရမယ်။ အဲ့လိုချပြပြီးရင် ဘယ်ရက်ကနေ ဘယ်ရက်အထိပေါ့။ ဂေါပက လုပ်ချင်တဲ့သူတွေ လျှောက်ခွင့်ရှိတယ်။ ဒါကို ကြီးကြပ်ရေးအဖွဲ့တွေက စစ်မယ်။ ပြီးမှ မဲပေးတဲ့သူတွေကို စစ်မယ်။ ဂေါပကအသစ် ရွေးချယ်မှု အတွက် သေချာတာကတော့ သီတင်းကျွတ်မတိုင်ခင် ပြီးမယ်။” ဂေါပက အဖွဲ့ဝင်ဟောင်းတွေကလည်း ပြန်လည်အရွေးခံနိုင်ပြီး ကြီးကြပ်ရေးမှူးအဖွဲ့မှာ အဖွဲ့ဝင်ဟောင်း နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကျိုက်ထီးရိုးဂေါပက အဖွဲ့ကို ငါးနှစ်တကြိမ်ရွေးချယ်ဖို့ အစီအစဉ်ရှိပြီး လက်ရှိ ယာယီ ဖွဲ့ထားခဲ့တဲ့ ကျိုက်ထိုမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင် ဦးဆောင်တဲ့ ဂေါပကအဖွဲ့အတွက် ဒီမိုကရေစီနည်းကျကျ မဲစနစ်ဖြင့်ရွေးချယ်တာကို ကြိုဆိုတယ်လို့ လက်ရှိကျိုက်ထီးရိုးဂေါပက အဖွဲ့ဝင်တချို့ကပြောပါတယ်။ ယာယီဖွဲ့စည်းခဲ့တဲ့ လက်ရှိကျိုက်ထီးရိုးဂေါပကအတွက် ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ပေါ်က ပြန်ကျဈေးသည်ကိစ္စဟာ ဂေါပက သက်တမ်း နှစ်နှစ်နီးပါးကာလအတွင်း ကိုင်တွယ်ရ အခက်ခဲဆုံးကိစ္စတခုဖြစ်ပြီး အာဏာပိုင်တွေက ရပ်တည်ပေးမှုအားနည်းခဲ့တယ်လို့ ကျိုက်ထီးရိုးဂေါပက အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝင်းလှိုင်က ပြောပါတယ်။ “အခက်ခဲတွေတော့ အများကြီးရှိခဲ့တယ်။ အကြီးမားဆုံးအခက်ခဲကတော့ ရင်ပြင်တော်က ပျံကျဈေးသည်တွေကို တားမြစ်ရတဲ့ကိစ္စပါ။ ဥပဒေအရ အရေးယူတာတွေ လည်းရှိတယ်။ ကျနော်တို့က အဲ့ဒါတွေကို သိပ်တော့မလုပ်ချင်ဘူး။ ရိုးရိုးပဲပြောချင်ပါတယ်။ ရိုးရိုးလည်း ပြောလို့မရဘူး။ အဖမ်းအဆီးလည်း ဥပဒေနဲ့ကိုင်တွယ်မှပဲ သူတို့က နည်းနည်း ရပ်တန့်တဲ့သဘောမျိုးရှိတယ်။ ဒါပေမယ့် စီးပွားရေးအရ တချို့ကလည်း စားဝတ်နေရေးကြောင့် ဥပဒေကို ဖီဆန်တာတွေလည်း ရှိတယ်။ တချို့ကိစ္စတွေကျတော့ ကျနော်တို့အနောက်မှာ အာဏာပိုင်တွေ ရပ်တည်မှု အားနည်းလို့ပါ။ အာဏာပိုင်တွေက ရပ်တည်ပေးမယ်ဆိုရင် ဥပဒေအရ လုပ်ရကိုင်ရတာ အဆင်ပြေပါလိမ့်မယ်။” ပျံကျဈေးသည်တွေကို  အရင်ကပစ္စည်းသိမ်းပြီး အရေးမယူဘဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ နံ့သာဖြူ၊ ကရက်မက် အနံ့တွေလိမ်ရောင်းတဲ့ ဈေးသည်တွေကို တရားရုံးက ဒဏ်ငွေ ကျပ်၁၀၀၀ ရိုက်ပြီး ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ဈေးသည်တချို့က ဂေါပကအဖွဲ့နဲ့ အပြန်အလှန် တရားစွဲခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ယာယီဂေါပက အဖွဲ့ကို ၂၀၁၆  အောက်တိုဘာလမှာ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယာယီဂေါပကအဖွဲ့ တက်လာပြီး လေးလအတွင်း ဘုရားအလှူငွေ ကျပ်သိန်း ၂၀၀၀၀ ကျော် ကောက်ခံရရှိခဲ့ တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရပါတယ်။ ယာယီဂေါပကအဖွဲ့ တာဝန်ယူစဉ်အချိန်အတွင်း ၁၁၀ ကေဗွီမီးကြိုးတွေ ကောင်းမွန်အောင် ဆောင်ရွက်တာ၊ ရေ၊ မီး၊ အိမ်သာ အဆင်ပြေစေဖို့နဲ့ လမ်းမှာထွက်ပြီး လေလံနဲ့ အလှူခံနေတဲ့ဌာနတွေကို ဖျက်သိမ်းနိုင်ခဲ့တာ၊ နေ့အချိန် ပူပြင်းတဲ့ ကျောက်ပြားတွေအစား အေးတဲ့ စကျင်ကျောက်ပြားတွေနဲ့ အစားထိုးပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ သတင်း - အာကာမင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024