ရေအားလျှပ်စစ်စက်ရုံများ ထုတ်လုပ်နိုင်သည့်ပမာဏ၏ ထက်ဝက်အောက်သာ ထုတ်လုပ်နေ
ပိုင်စိုး
·
June 4, 2018
မြန်မာနိုင်ငံတဝန်းက ရေအားလျှပ်စစ်စက်ရုံတွေအနေနဲ့ သူတို့ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပမာဏရဲ့ ထက်ဝက်အောက်မှာပဲ ထုတ်လုပ်နေတယ်လို့ ဝန်ကြီးဌာနရဲ့ စာရင်း အချက်အလက်တွေအရ သိရပါတယ်။
တနိုင်ငံလုံးက ရေအားလျှပ်စစ်ဓာတ်အားပေးရုံ ၂၉ ရုံမှာ စက်အလုံးရေ ၇၉ လုံး တပ်ဆင်ထားပြီး ထုပ်လုပ်နိုင်တဲ့ ဓာတ်အားပမာဏက မဂ္ဂါဝပ် ၂၉၆၁ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှာ ပျမ်းမျှမဂ္ဂါဝပ် ၁၀၂၄ ပဲ ထုတ်လုပ်ခဲ့တာပါ။
ကျိုင်းတောင်း ရေအားလျှပ်စစ်စက်ရုံရဲ့ တပ်ဆင်အင်အားက ၅၄ မဂ္ဂါဝပ် ဖြစ်ပေမယ့် အများဆုံး ၁၆ မဂ္ဂါဝပ်ကျော်ပဲ ထုတ်လုပ်ခဲ့ပါတယ်။ အလားတူ ရဲနွယ်ချောင်း ဆိုရင်လည်း တပ်ဆင်အင်အားက ၂၅ မဂ္ဂါဝပ် ဖြစ်ပေမယ့် အများဆုံး ၉ မဂ္ဂါဝပ်ကျော်ပဲ ထုတ်လုပ်ခဲ့ပါတယ်။
တချို့ရေလှောင်တမံတွေက အနိမ့်ဆုံး ရေမျက်နှာပြင်အထက်နားမှာပဲ ရှိနေပေမယ့် အများစုကတော့ လုံလောက်တဲ့ ရေပမာဏ ရှိနေတာပါ။ ဇောင်းတူဆည်မှာတော့ လုံလောက်တဲ့ ရေပမာဏ မရှိတော့လို့ ဓာတ်အား မထုတ်တော့တာကို တွေ့ရပါတယ်။