ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးကို ပြည်ပခရီးစဉ်သွားခွင့်မပြု
နော်နိုရင်း
·
June 4, 2018
ဘေးကင်းစိတ်ချရတဲ့ အစားအသောက်တွေနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံကို လေ့လာရေးခရီး သွားရောက်မယ့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး သုံးဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ကို ပြည်နယ်အစိုးရ ခွင့်မပြုခဲ့ပါဘူး။
ဒီခရီးစဉ်ဟာ နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ခွင့်မပြု ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး ဦးစိုးစိုးဇော်ရဲ့ လက်မှတ်နဲ့ အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ လားဟူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ်နဲ့ လီဆူးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးကူဆာတို့ အပါအ၀င် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးကို ခွင့်မပြုခဲ့ဘူးလို့ ဦးအာဗေလက ပြောပါတယ်။
“အင်ဒိုနီးရှားကို ဒီအစားအစာ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်သက်ပြီးတော့မှ MySoP ဆိုတဲ့ မြန်မာနိုင်ငံရေး သင်တန်းကျောင်းကနေပြီးစီစဉ်တာ။ ဒီလေ့လာရေးအဖွဲ့မှာ ရှမ်းပြည်နယ်မှာ အနိုင်ရတဲ့ပါတီ ၁၂ ပါတီထဲက ၁၂ ဦးပေါ့နော်။ နောက်တော့ ပါတီ ၁၂ ပါတီကနေပြီးတော့မှ အနိုင်ရတဲ့ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးစီ စုစုပေါင်း ၂၄ ဦးသွားဖို့ စီစဉ်ထားတာ။ ဒါပေမယ့်လို့ အစိုးရ အဖွဲ့က ဒီပြည်ထောင်စု သမ္မတရုံးကနေပြီးတော့မှ ညွန်ကြားချက်နဲ့ ညီညွတ်မှုမရှိဘူးဆိုပြီးတော့ လာတဲ့အခါကျတော့ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးရယ်၊ တိုင်းရင်းသားရေးရာ ၃ ဦးရယ် ကျန်ခဲ့တာပေါ့နော်”
ကျန်တဲ့လူတွေကတော့ မနေ့က အင်ဒိုနိးရှားကို ရောက်ရှိသွားပြီဖြစ်ကြောင်းလည်း ပြောပါတယ်။
သူတို့ဟာ ဇွန် ၃ ရက်မှ၈ရက်အထိ အင်ဒိုနီးရှားနိုင်ငံကို လေ့လာရေးခရီးစဉ် သွားရောက်ဖို့ တင်ပြခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရ ခွင့်မပြုကြောင်း ဇွန်လ ၁ ရက်က စာပြန်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်း ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ ၀န်ကြီးချုပ်ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့တယ်လို့လည်း ဦးအာဗေလက ပြောပါတယ်။