မြိုင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သွားလာရေး အခက်ကြုံ
DVB
·
June 4, 2018
မြိုင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတွေ ကျလာတာကြောင့် ပုသိမ်-မုံရွာ လမ်းပေါ်ရှိ ကြည့်ကန်နဲ့ လင်းကတောကျေးရွာကြား လမ်းပေါ် ရေကျော်နေလို့ ရေပြွန်ပျက်စီးပြီး သွားလာရေး အခက်အခဲတွေ့နေပါတယ်။
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှာ ဇွန် ၂ ရက်နေ့ည ၉ နာရီခန့်လောက် တညလုံး မိုးများသည်းထန်စွာ ရွာသွန်းခဲ့တာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
မြိုင်မြို့နယ်နဲ့ လင်းကတောနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ နယ်မြေရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေက ဇွန် ၃ ရက် နေ့လယ်ပိုင်းအထိ ခရီးသွားပြည်သူ ကြိုးတန်းပြီး လက်တွဲ ခေါ်ဆောင်ပို့ပေးပြီး ပစ္စည်းတွေ သယ်ယူပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အလားတူ မြိုင်မြို့နယ် ပုသိမ်-မုံရွာသွား ကားလမ်းပိုင်း ကြည့်ကန်ကျေးရွာနဲ့ လင်းကတောကျေးရွာကြား မိုင်တိုင်အမှတ်-၄၁၂/၄ နှင့် ၄၁၂/၅ ကြား လမ်းပေါ်မှာလည်း ရေကျော်မှုဖြစ်ပြီး ရေပြွန်အမှတ် -၄၁၇/၁မှ ရေတိုက်စားမှုကြောင့် ပေ ၂၀ လောက် လမ်းကျိုးပေါက် ပျက်စီးသွားခဲ့တာကြောင့် ယာဉ်ကြီးယာဉ်ငယ်တွေ၊ ဆိုင်ကယ်တွေနဲ့ ခရီးသွားပြည်သူတွေ သွားလာရေး အခက်အခဲ ကြုံတွေ့ခဲ့ကြရပါတယ်။
လမ်းပြတ်တောက်တာတွေကို ခရိုင်တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့၊ မီးသတ်၊၊ လမ်းဦးစီးဌာန၊ စည်ပင်တာဝန်ရှိသူတွေက ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့တာကြောင့် သွားလာလို့ ရနေပြီဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ - MOI