Live
Home
မြန်မာသတင်း
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ပွဲများကြောင့် လက်ဖက်လုပ်ငန်း ထိခိုက်ပျက်စီး
ခွန်ဇော်ဦး
·
June 3, 2018
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ နှစ်ရှည်ဖြစ်ပွားနေတဲ့ စစ်မက်ပဋိပက္ခတွေကြောင့် လက်ဖက်လုပ်ငန်းတွေ ထိခိုက်ပျက်စီးနေတယ်လို့ ဒေသခံ လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ်အတွင်းမှာ လက်ဖက် လုပ်ငန်းတွေကို ထိခိုက်ပျက်ဆီးနေတယ်လို့ ပွဲရုံပိုင်ရှင်တွေနဲ့  လက်ဖက်စိုက်ပျိုးသူတွေက ပြောပါတယ်။ တအာင်း(ပလောင်) တိုင်းရင်းသားတွေဟာ လက်ဖက်ကိုပဲ အဓိကထား အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ စစ်ပွဲတွေကြောင့် ကျေးရွာမှာနေထိုင်ကြတဲ့ လက်ဖက်စိုက် တောင်သူမိသားစုတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးပြီး နီးစပ်ရာမြို့တွေမှာ လာရောက်နေထိုင်သူတွေ များနေတာကြောင့်လည်း လက်ဖက်အထွက်နှုန်းနည်းပါလာရတာလို့ လက်ဖက်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးတင်မောင်ဦးကပြောပါတယ်။ ကျောက်မဲဒေသဘက်မှာတော့  စစ်မက်ဖြစ်ပွားပြီးနောက်ပိုင်း မြေပြန့်က လက်ဖက်ခူး လုပ်သားတွေ တောင်ပေါ်ဒေသ ဘက်ကို တက်မလာ တော့တာ ကြောင့်လည်း လက်ဖက်အထွက်နှုန်းနည်းပါးရတာလို့  မြို့သစ်ကျေးရွာက လက်ဖက်ခြံပိုင်ရှင် ဦးဝင်းသိန်းက ဆိုပါတယ်။ အရင်က ရွှေဖီချိန်ဆိုရင်  မြန်မာပြည်အလယ်ပိုင်းဒေသတွေက လူဦးရေသောင်းနဲ့ချီတဲ့ လုပ်သားတွေဟာ ကျောက်မဲဒေသ ကိုရောက်ရှိလာပြီး နေ့စားနဲ့ လက်ဖက်ခူး အလုပ်ကို လုပ်ကိုင်ကြပါတယ်။ ကျောက်မဲကထွက်ရှိတဲ့လက်ဖက်စိုနဲ့ လက်ဖက်ခြောက်တွေကို မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေကို  အဓိက တင်ပို့ရောင်းချပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024