အမျိုးသမီးငယ်တဦးကို ထိုးကြိတ်ဖမ်းဆီးခဲ့သည့်ရုပ်သံ နယူးဂျာစီရဲတပ်ဖွဲ့ ထုတ်ပြန်

အမျိုးသမီးငယ်တဦးကို ထိုးကြိတ်ဖမ်းဆီးလို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ နယူးဂျာစီကမ်းခြေက ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုကို နယူးဂျာစီရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ကမ်းခြေလာ အမျိုးသမီးငယ်တဦးကို ကိုယ်ထိလက်ရောက်ထိုးကြိတ်နေတဲ့ ရဲတပ်ဖွဲ့ ဝင်တဦးရဲ့ပုံရိပ်ဟာ မကြာသေးခင်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဒီလုပ်ရပ်ကို လူမှုကွန်ရက်အသုံးပြုသူတွေက ပြင်းပြင်ထန်ထန်ပြစ်တင်ရှုတ်ချနေကြပါတယ်။ ဒီလိုဝေဖန်သံတွေ ထွက်ပေါ်လာချိန်မှာ နယူးဂျာစီရဲတပ်ဖွဲ့က အခင်းဖြစ်ပွားချိန် ရဲတပ်ဖွဲ့ဝင်ရဲ့ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာ မှတ်တမ်းကို ထုတ်ပြန်ခဲ့တာလို့ ဘီဘီစီသတင်းမှာ ဖော်ြ့ပပါတယ်။ ရုပ်သံဖိုင်အရ ရဲတပ်ဖွဲ့ဝင်တွေက အသက်မပြည့်ဘဲ အရက်သောက်သုံးမှုနဲ့ သံသယရှိသူ အမျိုးသမီးငယ်တဦးကို စစ်ဆေးနေတာကို မြင်တွေ့ရပါတယ်။ စစ်ဆေးမှုလုပ်ဆောင်ပြီးနောက် အမျိုးသမီးငယ်ရဲ့ နာမည်ကိုမေးမြန်းစဉ် အမျိုးသမီးက သူမ မည်သူ့ကိုမှ မလေးမစား လုပ်ခဲ့တာ မရှိကြောင်းနဲ့ သူမနာမည်ကို ရေးမှတ်စရာ မလိုကြောင်း ပြန်လည်ပြောကြားနေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အမျိုးသမီးငယ်က ရဲတွေနဲ့ ဆန့်ကျင်ဘက်အရပ်ကို ထွက်ခွာသွားပြီး ရဲ ၂ ဦးက သူမ နောက်ကိုလိုက်စဉ်မှာ ရဲ ၁ ဦးက သူမကို မြေပေါ်လှဲချကာ ထိုးကြိတ်ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုထိုးကြိတ်မှုအပေါ် ပြည်သူတွေက ဝေဖန်ရှုတ်ချနေတာဖြစ်ပြီး ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ ရဲနှစ်ဦးကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေတယ်လို့ နယူးဂျာစီရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်မှုမှာ ပါရှိပါတယ်။ ဒီဖြစ်ရပ်ဟာ အမ်မလီနဲ့အတူ အရက်ကို မြင်တွေ့ခဲ့ရာမှ စတင်ခဲ့တာဖြစ်ပြီး အမ်မလီကိုလည်း အရက်တရားမဝင် လက်ဝယ်ထားရှိမှု၊ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံမှုတို့နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ရုပ်သံ - NJ.com

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up