အုပ်စုဖွဲ့ အဓမ္မကျင့်အသတ်ခံရသည့် ထိုင်းအမျိုးသမီးငယ်အား ဘားမှခေါ်သွားသည့်ရုပ်သံ ထွက်ပေါ်

ချန်ပီယံလိဂ် ဗိုလ်လုပွဲညမှ အုပ်စုလိုက်အဓမ္မကျင့်အသတ်ခံခဲ့ရတဲ့ အမျိုးသမီးငယ်ကို အမျိုးသားလေးဦးက ဘားအတွင်းမှဆွဲထုတ်သွားတဲ့ စီစီတီဗွီရုပ်သံမှတ်တမ်းတခု ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံ ချန်သာဘူရီမှာ မေ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ အသတ်ခံခဲ့ရတဲ့အမျိုးသမီးဟာ အသက် ၂၁ နစ်အရွယ် နွန်ဂစ်ဆို သူဖြစ်ပြီး ဘောလုံးပွဲကို မိတ်ဆွေတွေနဲ့အတူ ကြည့်ရှုနေစဉ် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အခင်းဖြစ်ပွားချိန်မှာ နွန်ဟာ အရက်သောက်ထားခဲ့တယ်လို့ သိရပြီး သူမကို အမျိုးသား ၄ ဦးက ပစ်ကပ်ကားနောက်ပေါ် သယ်မသွားပုံကို မှတ်တမ်း ဗွီဒီယိုမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။ ဒေးလီးမေးလ်ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်အရ နွန်ကိုဆွဲထုတ်သွားချိန်မှာ သူမရဲ့အမျိုးသမီး သူငယ်ချင်းတဦးကလည်း ပါဝင်ကူညီပေးခဲ့တာတွေ့ရပြီး သူမရဲ့အဆိုအရ အမျိုးသားတွေက နွန်ကို အိမ်ပြန်ပို့ပေးမယ်လို့ ပြောကြောင်း သိရပါတယ်။ ပြစ်မှုကျူးလွန်သူလေးဦးထဲမှ တဦးဟာ နွန်နဲ့ရင်းနှီးသူတဦးဖြစ်ပြီး သူတို့ဟာ နွန်ကို သစ်သီးခြံတစ်ခုအတွင်း ခေါ်ဆောင်သွားပြီး အုပ်စုဖွဲ့ အဓမ္မကျင့်ကာ မသေမချင်း ရိုက်နှက်ခဲ့တယ်လို့ ယူဆရပါတယ်။ နွန်ရဲ့အသက်မဲ့ခန္ဓာကိုယ်ကို မေ ၂၇ ရက် မနက်ပိုင်းမှာ ရှာတွေ့ခဲ့ပြီး ပြစ်မှုကျူးလွန်တဲ့ အမျိုးသားတွေကို နေ့လယ်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နွန်ဟာမကြာခဏဆိုသလို အရက်သောက်လေ့ရှိသူဖြစ်သော်လည်း ဗီဒီယိုဖိုင်မှာ မြင်တွေ့ခဲ့ရသလိုမျိုး အသိစိတ်လွတ်သွားခြင်းမရှိခဲ့ဖူးလို့ သူမရဲ့အသိုင်းအဝိုင်းက ပြောပါတယ်။ လက်ရှိအချိန်မှာ ထိုင်းရဲတပ်ဖွဲ့က နွန်ရဲ့အလောင်းကို ရင်ခွဲစစ်ဆေးမှုတွေပြုလုပ်နေပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားလေးဦးကို တရားရုံး စစ်ဆေးမှုအတွင်း စိတ်ဆိုးဒေါသထွက်နေတဲ့ နွန်ရဲ့ဆွေမျိုးမိတ်ဆွေများက တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up