ပြန်လည်ခုခံသည့် တရားခံပြေးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တရားရုံးအချုပ်မှ ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံပြေးအား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တရားရုံး ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၃ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုမှ တရားခံ အေးမင်းလွင် (ခ) ဂျူးဂျူးဟာ အမှုရင်ဆိုင်ဖို့ ရုံးထုတ်လာစဉ် တရားရုံးအချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားလို့ ရဲတပ်ဖွဲ့က ရှာဖွေနေတာပါ။ တရားခံပြေးဟာ ဇွန် ၁ ရက်နေ့ညနေပိုင်းမှာ မိခင် နေထိုင်တဲ့ အမှတ် ၈၆ ရပ်ကွက်ကို ရောက်ရှိနေကြောင်း သတင်းအရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ဖမ်းဆီးရာ အဖမ်းမခံဘဲ နောက်ဖေးတံခါးကနေ ထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရာမှာ အရှည် ၁ ပေလောက်ရှိတဲ့ ကျွန်းပွတ်လုံးတုတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံရန်ပြုတဲ့အတွက် ၁၂ ဘို့ ပြောင်းချော သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး အေးမင်းလွင် (ခ) ဂျူးဂျူးရဲ့ ယာဘက် ၀မ်းဗိုက်မှာ ဒဏ်ရာတွေရရှိလို့ သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ကာ ဆေးကုသပေးထားကြောင်း သိရပါတယ်။ တရားခံပြေး အေးမင်းလွင်(ခ) ဂျူးဂျူး အား ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၂၄၊ တရားခံပြေးမှန်းသိလျက် လက်ခံတဲ့ မိခင်ဖြစ်သူကိုလည်း ရာဇသတ်ကြီးပုဒ်မ ၂၁၆ နဲ့ အသီးသီး အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up