၈ နှစ် ကလေးငယ်ကို အဓမ္မကျင့်သတ်ဖြတ်မှုဖြင့် ရဲ ၂ ဦးအပါအ၀င် ၈ ဦးကို စစ်ဆေး

23.4K
အိန္ဒိယနိုင်ငံ၊ ဂျမူးနဲ့ကတ်ရှ်မီးယားဒေသက အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့မှုနဲ့ စွပ်စွဲခံရထားတဲ့ အမျိုးသား ၈ ဦး အမှုကို မေလ ၃၁ ရက်နေ့က ခါသွာမြို့တရားရုံးမှာ ကြားနာခဲ့ပါတယ်။
သူတို့ဟာ အသက် ၈ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရသူတွေပါ။
ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက သူတို့ဟာ အဲဒီကလေးကို ကျောက်တုံးနဲ့မရိုက်သတ်ခင် ဟိန္ဒူဘုရား ကျောင်းထဲမှာ တစ်ပတ်လောက် ချုပ်နှောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကသတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် အိန္ဒိယနိုင်ငံတဝှမ်း ဒေါသထွက်ခဲ့ကြသလို အာဏာရပါတီကိုလည်း ဝေဖန်ခဲ့ကြပါတယ်။
အမှုမှာ တရားစွဲခံရသူ စုစုပေါင်းက အမျိုးသား ၈ ဦးဖြစ်ပါတယ်။ သူတို့ထဲမှာ ဒေသန္တရအစိုးရအရာရှိဟောင်း ၁ ဦးနဲ့ ရဲ ၂ ဦး လည်း ပါဝင်ပါတယ်။
“ကြားနာတွေကို နေ့တိုင်းနီးပါးလုပ်နေပါတယ်။ မနက်ဖြန်မှာ နေ့လယ် ၁၂ နာရီပြန်စမယ်။ ဘာတွေမေးမြန်းနေတယ် ဆိုတာတွေကိုတော့ ကျနော်ပြောလို့မရသေးပါဘူး။ ဒါပေမယ့် မေးမြန်းနေတာတွေကို ဒီနေ့မှာစတယ်၊ မနက်ပိုင်းစကြားနာကတည်းက ကင်မရာတွေနဲ့ မှတ်တမ်းတင်ထားတယ်” လို့ တရားခံရှေ့နေ ဆွာနေးက ပြောပါတယ်။
“တရားစွဲဆိုတဲ့ စာရွက်စာတမ်းကို အူရဒူဘာသာကနေ အင်္ဂလိပ်ဘာသာပြန်ဖို့ တရားရုံးက ၄ ရက်အချိန်ပေးတယ်။ တနင်္လာနေ့ကျရင် ဘာသာပြန်ပြီး မိတ္တူတွေ တင်ပြရမယ်” လို့ တရားခံရှေ့နေ နောက်တစ်ဦး အန်ခါ ရှာမာက ပြောပါတယ်။
ဝန်ကြီးချုပ် နရန်ဒါ မိုဒီရဲ့ ဘရာတီယာ ဂျာနာတာ ပါတီက ပြည်နယ်အစိုးရအဆင့် ၀န်ကြီးတွေဟာ စွပ်စွဲခံရ သူတွေကို ထောက်ခံမှုတွေ အစောပိုင်းမှာ ပြသခဲ့လို့ ကလေး သူငယ်အဓမ္မပြုကျင့်မှုတွေကို ဆန္ဒပြမှုတွေ ပိုတိုးလာစေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံမှာ အဓမ္မပြုကျင့်မှုတွေကို ဆန္ဒပြမှုတွေကြောင့် အစိုးရဟာ အဓမ္မပြုကျင့်မှုကို သေဒဏ်ပေးတဲ့အထိ ပြဋ္ဌာန်းထားတဲ့ ဥပဒေအသစ်တွေကို ကျင့်သုံးနေပါတယ်။