Home
မြန်မာသတင်း
အိမ်ရာစီမံကိန်းကြောင့် ချောင်းပိတ်ဆို့မှု မဖြစ်စေရေး ဒေသခံများ ကန့်ကွက်
DVB
·
June 1, 2018
ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ ရေး-ထားဝယ် ကားလမ်းမကြီးအနီးမှာ Our Style Company Group Ltd., က အဏ္ဏဝါဥယျာဉ် အဆင့်မြင့်လုံးချင်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်နေပြီး စီမံကိန်းအနီး ညောင်ချောင်းအတွင်း မြေဖို့တာတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။ ရေးမြို့နေ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးကျော်မိုးအေးက “ဒီချောင်းရဲ့အနေအထားက မိုးတွင်းအခါ ကျလာတဲ့ရေကို ထုတ်နုတ်ပေးတဲ့ ချောင်းတချောင်းပေါ့။ နွေအချိန်မှာ အကျယ်ကို ကြည့်လို့မရဘူး။ မိုးတွင်းမှာ ရေဆွဲအား ဘယ်လောက်ရှိတယ်ဆိုတာ ကြည့်ရမယ်။ ဒီချောင်းကို ဒီလိုပိတ်အောင် လုပ်လိုက်မယ်ဆိုရင် ရေဆွဲအား တအားနည်းသွားမယ်။ ရေကြီးတဲ့ ဒီဒေသတခုလုံး ရေမဆွဲနိုင်ဘူးဆိုရင် ရေတင်မှုတွေ ကြုံရမယ်။ နစ်နာမယ်။ မလုပ်သင့် မလုပ်ထိုက်တာ တခုပါ။ ချောင်းရဲ့အကျယ်က တံတားရဲ့အကျယ်ပဲ။ အမြန်ဆုံးနဲ့ ကြီးကြပ်ပြီးတော့ သတ်မှတ်ပေးပါ။ ပြည်သူတွေကလည်း ပြောနေကြပြီ။ လက်ရှိ အန်အယ်လ်ဒီ အစိုးရကိုပါ ထိခိုက်တယ်။ အန်အယ်လ်ဒီအစိုးရက ဒါကို မတားနိုင်ဘူးလား၊ ချောင်းဧရိယာတွေကို လူကြီးတွေ အမြန်ဆုံးသတ်မှတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ချောင်းဘေးမြေဖို့ခြင်း လုပ်ငန်းနဲ့ပတ်သက်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကွင်းဆင်းစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက ဒေသခံ ရပ်မိရပ်ဖတွေနဲ့အတူ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကွင်းဆင်းစိစစ်ရေးအဖွဲ့ဝင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးအောင်သန်းလွင်က “စစ်ဆေးမှု အခြေအနေအရ ပကတိ အနေအထားအထက် ကျော်လွန်နေတာ အနည်းငယ်တွေ့တယ်။ ကော်မတီအနေနဲ့ရော ကုမ္ပဏီအနေနဲ့ရော အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ့တယ်။ ပြေလည်တဲ့ လမ်းကြောင်းပေါ် ရောက်တဲ့အတွက် အားလုံးကို ကျေးဇူးတင်တယ်။ ရှေ့ဆက်ပြီးတော့ အားလုံး အဆင်ပြေတဲ့ လမ်းကြောင်းကို သွားဖို့ ရည်ရွယ်ထားပါတယ်” လို့ ပြောပါတယ်။ မြေဖို့နေတဲ့ကိစ္စ မြို့ခံတွေအနေနဲ့ လက်မခံနိုင်ကြောင်းနဲ့ ချောင်းပိတ်ဆို့မှု မဖြစ်ပေါ်စေဖို့ တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ခြံလုပ်ငန်းရှင်တဦးဖြစ်သူ ဦးမြသန်းက “ချောင်းထဲဆင်းပြီး မြေဖို့နေတဲ့ကိစ္စက မြို့ခံအနေနဲ့ ဒါ မဖြစ်သင့်ပါဘူး။ ချောင်းပိတ် မြောင်းပိတ်တွေကို အစိုးရအနေနဲ့ ဘတ်ဂျက်တွေ ပေးပြီး ဖော်နေတဲ့အချိန်မှာ ခွင့်ပြုချက်မယူဘဲ လုပ်နေတဲ့ကိစ္စက မြို့ခံတွေအနေနဲ့ မဖြစ်သင့်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ပြောချင်တယ်။ ဒီကိစ္စကို ဒီနေရာကိုလာပြီးတော့ ကန့်ကွက်တင်ပြဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက ဥပဒေအရ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ ဆုံးဖြတ်ပြီး လုပ်ပေးဖို့လိုပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ Our Style Company Group Ltd., မှ ဒါရိုက်တာတဦးဖြစ်သူ ကိုအောင်သူက “လာစစ်ကြတဲ့အခါမှာ သူတို့ရဲ့အမြင်က ကျနော်တို့ရဲ့လုပ်ငန်းက ချောင်းကို ပိတ်ထားသလို ဖြစ်နေတယ်ပေါ့နော်။ အဲဒီအပေါ်မှာ လက်ရှိ လုပ်ထားတဲ့ အတိုင်းအတာကနေ မြေက ၃၀ (ခ) ကျပြီးသားမြေ ဖြစ်တဲ့အတွက်ကြောင့် ဆောက်လုပ်ခွင့်ကျတဲ့ မြေထဲကနေ ရှေ့က မျက်နှာဝပေ ၁၅ ပေနဲ့ နောက်ကိုပေ ၁၅၀ ဆုတ်ပေးလိုက်ပါတယ်။ ခုမြင်နေတဲ့ အတိုင်းအတာက ပျောက်သွားမှာပါ။ တိုက်ရိုက်ပဲ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက် တခါတည်း ချပေးလိုက်ပါတယ်” လို့ ဒီဗွီကို ပြောပါတယ်။ လာမယ့်ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားက ကုမ္ပဏီဘက်မှ လက်ရှိမြေဖို့ခဲ့တဲ့နေရာမှ ၁၅ ပေနဲ့ အနောက်အရှည်ပေ ၁၅၀ ဆုတ်ပေးမှာဖြစ်ပြီး စိစစ်ရေးအဖွဲ့နဲ့ ဒေသခံရပ်မိရပ်ဖတွေက ဆက်လက်စောင့်ကြည့်သွားမှာပါ။ ရေးမြို့ရဲ့ပထမဆုံးအိမ်ရာစီမံကိန်းဖြစ်ပြီး လုံးချင်းအိမ်ယာ ၅၆ လုံး ပါဝင်မယ့် အဲဒီစီမံကိန်းဧရိယာ ၇ ဒသမ ၂၇ ဧကအတွင်း ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ဘဏ်၊ စာကြည့်တိုက်၊ ဓမ္မာရုံ၊ မူကြိုကျောင်း၊ ပန်းခြံတို့ အပါအဝင် အဆင့်မြင့်စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံတို့လည်း ထည့်သွင်းတည်ဆောက်သွားမယ်လို့ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Our Style Company Group Ltd., က သိရပါတယ်။ သတင်း - ဝင်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024