Live
Home
မြန်မာသတင်း
မြန်မာလုပ်သားရာနှင့်ချီ အလုပ်လုပ်နေသည့် ဆိုင်ကယ်ဦးထုပ်စက်ရုံ မီးလောင်၊ ၅ ဦး ဒဏ်ရာရ
DVB
·
June 1, 2018
ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ခွန်းထိန်းနယ်မြေ ဆဲဒမ်ရပ်ကွက်က မြန်မာလုပ်သားပေါင်း ရာနဲ့ချီ အလုပ်လုပ်နေတဲ့ INDEX အမှတ်တံဆိပ် ဆိုင်ကယ်ဦးထုပ်စက်ရုံမှာ မနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွားပြီး စက်ရုံအလုပ်သမား ၅ ဦး ဒဏ်ရာရသွားပါတယ်။ မေလ ၃၁ ရက် နေ့လယ် ၂ နာရီခွဲလောက်က ဆဲဒမ်ရပ်ကွက် ထာ့ခမ့်လမ်းရှိ SYK Autoparts Import-Export Co. Ltd. စက်ရုံမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ကားအစီးရေ ၃၀ နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာမှာ အချိန် ၅ နာရီလောက်ကြာမှ မီးညွန့်ကျိုးသွားတယ်လို့ နယ်မြေခံမီးသတ်တပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။ မျက်မြင်သက်သေတဦးဖြစ်သူ စက်ရုံလုံခြုံရေးဝန်ထမ်း နိုင်းဝီရချိုင်း အာတ်အနုန်း ပြောပြချက်အရ မီးခိုးတွေဟာ စက်ရုံပထမထပ် အနောက်ခန်းဘက်ကနေ စတင်ထွက်ပေါ်လာပြီး မီးညွန့်မီးလျှံတွေပါ လိုက်တက်လာကာ အထဲမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၃၀၀ ကျော် ကစဥ့်ကလျား ထွက်ပြေးလာတာလို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းချက်အရ မီးစလောင်တဲ့အခန်းဟာ ဆိုင်ကယ်ဦးထုပ် ဆေးမှုတ်အရောင်တင်တဲ့ဌာနဖြစ်ပြီး ဆေးမှုတ်စဉ် မီးပွားထွက်ကာ တင်နာဆေးရည်နဲ့ ဖော့တုံးပေါ် လွင့်စင်ရာက မီးထတောက်တာဖြစ်ကြောင်း၊ အဲဒီအခန်းထဲမှာလည်း တင်နာဆေးရည်၊ ပလတ်စတစ်နဲ့ အရောင်တင်ဆီတွေ သိုလှောင်ထားတာကြောင့် လောင်စာဖြည့်တင်းပေးနေသလို ဖြစ်သွားရတယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် အသက် ၄၀ ကျော်ရွယ် ထိုင်းဝန်ထမ်း ၂ ဦး မီးဟပ်ခံရပြီး မီးခိုးမွှန်ကာ သတိလစ်သွားကြောင်း၊ တခြားအလုပ်သမား ၃ ဦးမှာ တိုက်ပေါ်ကခုန်ချလို့ ဒဏ်ရာအနည်းငယ် ရခဲ့ကြောင်း၊ သူတို့အားလုံးကို ဘန်ပကောက် အင်တာနေရှင်နယ်လ်ဆေးရုံ ပို့ဆောင်ထားပြီး အားလုံး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ကယ်ဆယ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။ စက်ရုံမှာ ၅ ထပ်တိုက်ဖြစ်ပြီး အကျယ် ၁ ဧကခွဲရှိ ခြံထဲမှာ ဆောက်လုပ်ထားကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏအားဖြင့် ဘတ် ၁၀ သန်းကျော်မယ်လို့ မီးသတ်တပ်ဖွဲ့က  ခန့်မှန်းထားပါတယ်။ အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား ၅၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေပြီး ထိခိုက်ဒဏ်ရာရသူ အလုပ်သမား ၃ ဦးမှာ မြန်မာအလုပ်သမား ဟုတ်မဟုတ် ဒီဗွီဘီမှ မေးမြန်းစုံစမ်းနေဆဲ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024