၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပိုလန်အသင်း မိတ်ဆက်

ပိုလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ရပ်တည်မှုအခြေအနေကို ပြန်ကြည့်ရင် ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အုပ်စုအဆင့် ရောက်ရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်တွေမှာတော့ ပိုလန်ဟာ ခြေစစ်ပွဲမအောင်ခဲ့ပါဘူး။ အခုနှစ်မှာ ခြေစစ်ပွဲအောင်လာတဲ့ ပိုလန်အသင်းအနေနဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အားကုန်ထုတ် ရုန်းကန်ရမှာတော့ သေချာပါတယ်။ ပိုလန်အသင်းဟာ ဒိန်းမတ်ကို ၆ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက လွဲရင် ခြေစစ်ပွဲကို ထိုက်ထိုက်တန်တန် အောင်မြင်လာတဲ့အသင်းလို့ ပြောရမှာပါ။ ပိုလန်အသင်းလို့ ပြောလိုက်ရင် အရင်ဦးဆုံး ရောဘတ် လီဝန်ဒေါစကီးရဲ့ မျက်နှာကို ပြေးမြင်ကြမှာပါ။ ဒါပေမယ့် ပိုလန်အသင်းကို နည်းပြနေတဲ့ အဒမ် နာဝါလ်ကာဟာ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေကို စုဖွဲ့ကစားစေရာမှာ ကျွမ်းကျင်တဲ့ နည်းပြတယောက်ပါ။ အထူးသဖြင့် နာပိုလီအသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ဇီလင်းစကီးလို ကစားသမားမျိုးနဲ့ လီဝန်ဒေါစကီးလို ဝါရင့်ကစားသမားမျိုးကို ဘယ်လိုတွဲဖက်ပေးရမလဲဆိုတာ နာဝါလ်ကာ ကောင်းကောင်းနားလည်သူတယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ရှေ့တန်းအတွက် ဘောလုံးအများစုက တိုက်စစ်မှူး လီဝန်ဒေါစကီးဆီ သွားမယ်ဆိုတာကို တဖက်အသင်းက ကြိုတွက်နိုင်တာကို နာဝါလ်ကာ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကတော့ စဉ်းစားစရာပါ။ ပိုလန်အသင်းအနေနဲ့ အောင်မြင်မှုအတွက် တိုက်စစ်ကစားသမား တဦးတည်းကို မှီခိုနေလို့တော့ ရမှာမဟုတ်ပါဘူး။ အထူးသဖြင့် နည်းစနစ်ပိုင်းကောင်းမွန်တဲ့ ကိုလံဘီယာ၊ လျင်မြင်ပြီး ကြံ့ခိုင်မှုကောင်းတဲ့ ဆီနီဂေါနဲ့ အတွေ့အကြုံရင့်ကျက်တဲ့ ဂျပန်အသင်းတွေနဲ့ တအုပ်စုထဲ ကျနေတာကြောင့် ပိုလန်အသင်းအနေနဲ့ အုပ်စုကို ကျော်ဖြတ်နိုင်ဖို့ ဘက်စုံက ပြီးပြည့်စုံအောင် ပြင်ဆင်ထားဖို့ လိုအပ်မှာ သေချာပါတယ်။ ပိုလန်အတွက် စောင့်ကြည့်ရမယ့် ကစားသမားအဖြစ် ပြိုင်ဘက် နောက်တန်းကစားသမားတွေရဲ့ ထိန်းချုပ်ကစားခံရဖို့ များနေတဲ့ လီဝန်ဒေါစကီးထက် ကွင်းလယ်မှာ လွတ်လွတ်လပ်လပ် ကစားနိုင်မယ့် ဇီလင်းစကီးကို ရွေးချယ်တာ ပိုမှန်လိမ့်မယ် ထင်ပါတယ်။ ပိုလန်ဟာ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲကို ၇ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ အသင်းဖြစ်ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၉၇၄ နဲ့ ၁၉၈၂ ခုနှစ် ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး တတိယဆု ဆွတ်ခူးထားနိုင်ခဲ့တာပါ။ လက်ရှိ ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် နံပါတ် ၁၀ နေရာမှာရှိနေတဲ့ ပိုလန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပိုလန်အသင်း ပဏာမလက်ရွေးစင် ကစားသမားများ ဂိုး - ဘာတို့စ် ဘီယာလ်ကောစကီး (အစ်ပ်စ်ဝစ်ခ်ျ)၊ လူးကပ်စ် ဖေဘီယန်းစကီး (ဆွမ်ဆီး)၊ လူးကပ်စ် စကိုရပ်စကီး (ရိုးမား)၊ ဆက်ဇနီ (ဂျူဗင်တပ်) နောက်တန်း - ဂျန်ဘက်ဒ်နာရပ်ခ် (ဆောက်သမ်တန်)၊ ဘားတို့စ် ဘီရက်စ်ဇင်းစကီး (ဆမ်ဒိုးရီးယား)၊ သီယာဂို စီအွန်နက်ခ် (အက်စ်ပီအေအယ်လ်)၊ ကာမေးလ် ဂလစ်ခ် (မိုနာကို)၊ အာတာ ဂျက်ဇီဆစ်ခ်၊ မစ်ချယ်လ် ပါဇ်ဒန် (လီဂီယာဝါဆော)၊ မာစင် ကာမင်းစကီး (စတုဂတ်)၊ တိုးမတ်စ် ကက်ဒ်ဇီအိုရာ (ဒိုင်နမိုကိဗ်)၊ လူးကပ်စ် ပစ်ဇက်ခ် (ဒေါ့မွန်) အလယ်တန်း - ဘလပ်စ်ဇီကောစကီး (ဝုဖ်ဘာ့ဂ်)၊ ဒါဝီဒေါဝစ်ဇ် (ပါလာမို)၊ ဖရန်ကောစကီး (ဂျာဂီလိုးနီးယား ဘီယာလီစတော့ခ်)၊ ဂျာဆက်ခ် ဂိုရာလ်စကီး (လူဒိုဂိုရက်စ်)၊ ကာမေးလ် ဂရိုဆစ်စကီး (ဟားလ်စီးတီး)၊ ဒါမီယန် ကတ်ဒ်ဇီအော်၊ ဇီမွန် ဇာကောစကီး၊ ရာဖာလ် ကာဇာဝါ (ဂေါ်နစ်ခ် ဇာဘာဇီ)၊ ဂါဇီဂေါ့ဇ် ခရိုင်ချောအိယတ်ခ် (ဝက်စ်ဘရွန်း)၊ ကာရိုးလ် လင်နက်တီ (ဆမ်ဒိုးရီးယား)၊ မာစိခ်ျ မာကပ်စ်ဇူးစကီး (လက်ခ်ျပိုဇ်နန်)၊ ကာဇက်ဇ်တော့ဖ် မက်ဇင်းစကီး၊ ဆီဘက်ရှန် ဇီမန်းစကီး (လီဂီယာဝါဆော)၊ စလာဝိုးမီးယား ပက်ဇ်ကို (လက်ခ်ျနီးယားဒန့်စ်ခ်)၊ မာစီခ်ျ ရိုင်းဘတ်စ် (လိုကိုမိုးတစ်မော်စကို)၊ ပီအိုတာ ဇီလင်းစကီး (နာပိုလီ) ရှေ့တန်း - ကော်နက်စကီး (ဆမ်ဒိုးရီးယား)၊ လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်)၊ မီလစ်ခ် (နာပိုလီ)၊ ပီယာတက်ခ် (ခရာကိုးဗီးယား)၊ လူးကပ်ဇ် တီအိုဒေါဇစ်ခ် (အန်းဒါးလက်ခ်ျ)၊ ကာမေးလ် ဝီလ်ဇက်ခ် (ဘရွန်ဘီ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up