Home
မြန်မာသတင်း
မူးယစ်ဆေးဝါးနှိမ်နင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် သမ္မတညွန်ကြား
DVB
·
May 31, 2018
  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတွေ တိုက်ဖျက်နှိမ်နင်းရေးနဲ့ တားဆီးကာကွယ်ရေးကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားလိုက်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ အဖွဲ့ကို ဒီကနေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံမှာကြားခဲ့တာပါ။ တွေ့ဆုံရာမှာ နိုင်ငံတော်သမ္မတက ပြည်နယ်နဲ့တိုင်းတွေမှာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများပြားလာတာ သိရှိကြောင်း၊  အနာဂတ် လူငယ်တွေကို လူညွန့်တုံးစေကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပိုမို တိုးမြှင့်လုပ်ဆောင်ရဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း မှာကြားခဲ့တယ်လို့ သမ္မတရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဗဟိုအဖွဲ့အနေနဲ့  မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ပိုမိုအားထည့် ဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆေးကုသပေးခြင်း၊ ပြန်လည် ထူထောင်ခြင်းတို့ကို ဆောင်ရွက်ပေးဖို့ လိုနေပြီး မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ရေး ဆောင်ရွက်ဖို့လည်း  သမ္မတက တိုက်တွန်းပါတယ်။ ဒေသဆိုင်ရာ မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးအဖွဲ့တွေကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့တိုင်းအလိုက် ဖွဲ့စည်းသွားဖို့နဲ့  ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသမှစိတ်ပါဝင်စားသူ ပြည်သူတွေနဲ့ ပါဝင်ဖွဲ့စည်းဖို့ အဆိုပါအဖွဲ့အစည်းတွေကိုလည်း ဆုငွေချီးမြှင့်ရေးစနစ်ကျင့်သုံးပြီး လိုအပ်သလို စီမံခန့်ခွဲသွားဖို့လည်း သမ္မတက  လမ်းညွှန်မှာကြားသွားပါတယ်။ မြန်မာနိုင်ငံတ၀န်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေ နေ့စဉ်လိုလို ရှိနေသလို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာနိုင်ငံကနေ လက်ဖက်ရည်ထုတ်တွေပုံစံ ထုပ်ပိုးပြီး သင်္ဘောနဲ့တင်ပို့လိုက်တဲ့  အမေရိကန်ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေး အလေးချိန် ၁ ဒဿမ ၂ တန်လောက်ကို မလေးရှားနိုင်ငံမှာ စံချိန်တင် ဖမ်းဆီးရမိခဲ့ပါတယ်။ ဓာတ်ပုံ-သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024