မန္တလေးမြို့တွင် အေးမေတ္တာဈေးသစ် ဖွင့်လှစ်
DVB
·
May 31, 2018
လက်ရှိအစိုးရလက်ထက်မှာ မန္တလေးမြို့က ပျံကျဈေးသည်တွေအတွက် ဈေးကောက်မပေး ရတဲ့ ဆိုင်ခန်းအတည်တကျနဲ့ ဈေးသစ်ကို တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်ပေးခဲ့ပါတယ်။
စည်ပင်နယ်မြေအတွင်း ထပ်တိုးလာတဲ့ ပြည်ကြီးတံခွန်မြို့နယ်က အေးမေတ္တာဈေးသစ် ကို နေ့စဉ်ဈေးကောက်မပေးရဘဲ ဈေးဆိုင်ခန်းငှားခ တစ်လ ကျပ်တစ်သောင်းသာ သွင်းရမှာပါ။
ဈေးဌာန စည်ပင်ကော်မတီဝင်က "လမ်းဘေးရောင်းနေတာကနေ မိုးရွာတဲ့အခါဆို ဆိုင်ခန်းနေရာနဲ့ သေချာရောင်းတော့ ပိုကောင်းတာပေါ့။ လိုအပ်လို့ ဖွင့်ပေးနေတာပါ။ နောက်ထပ်ဈေးတွေလည်း ဖွင့်ပေးဖို့ရှိပါတယ်"လို့ ပြောပါတယ်။
မန္တလေးမြို့မှာ ဈေးချိုတော်၊ မန်းမြို့ဈေးနဲ့ ထပ်တိုးလာတဲ့ဈေးသစ်အပါဝင် ဈေးပေါင်း ၄၆ ခုရှိလာပြီဖြစ်ပါတယ်။ ပစ္စည်းတခုတည်းသာ အဓိကထားရောင်းတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံဈေးရှိသလို ဇူလိုင်လပိုင်းမှာ ပန်းဈေးကိုလည်း ထပ်မံဖွင့်လှစ်သွားဖို့ရှိတယ်လို့ စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - တာရာ