Home
မြန်မာသတင်း
ထိုင်း-မလေးရှား နယ်စပ်တွင်  မြန်မာ ၃၆ ဦး ဖမ်းဆီးခံရ
DVB
·
May 31, 2018
ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ်၊ ဖတ်ထလုန်းခရိုင်ထဲမှာ ပွဲစားတွေ ခေါ်ဆောင် စွန့်ပစ်ထားတဲ့  မြန်မာ ၃၆ ဦး မေလ ၂၉ ရက်က ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ ဖတ်ထလုန်းခရိုင် ခုတ်မုန့်ကျေးရွာအုပ်စုရှိ ရာဘာခြံထဲမှာ မသင်္ကာဖွယ် လူတစု  ရောက်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက အကြောင်းကြားလို့ သွားရောက်စစ်ဆေးရာမှာ ပြည်ဝင်ခွင့် အထောက်အထား တစုံတရာမရှိတဲ့ မြန်မာနိုင်ငံသား ၃၆ ဦး(ကျား ၃၃ ဦး၊ မ ၃ ဦး)တို့ကို တွေ့ရှိရတယ်လို့  ခေါင်ချိုင်းဆွန်နယ်မြေရဲစခန်း ရဲအရာရှိက ပြောပါတယ်။ စစ်ဆေးချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားအလုပ်လုပ်မယ့်သူတွေဖြစ်ပြီး ပွဲစားက လူတဦးအတွက် ဘတ်ငွေ ၂၀၀၀၀ နဲ့ ခေါ်ဆောင်လာကာ ပြီးခဲ့တဲ့ မေ ၂၇ ရက်က ရနောင်းမြို့နယ်ဘက်ကနေ ထိုင်းထဲကို ဝင်လာတာလို့ ဆိုပါတယ်။ အဲဒီနောက် ပွဲစားက စီစဉ်ပေးတဲ့ ဟိုင်းလပ်စ်ကား ၃ စီးနဲ့  လိုက်စီးလာခဲ့ကြောင်း၊ လမ်းခရီး တနေရာအရောက် ပွဲစားက အရှေ့မှာ ထိုင်းစစ်ဆေးရေးအဖွဲ့ရှိကြောင်း ပြောဆိုပြီး အဖမ်းခံရမှာစိုးတဲ့အတွက် သူတို့ကို လမ်းကြောင်းလွှဲပြီး ပတ်ခေါ်ခဲ့ကြောင်း၊ ဒီလိုနဲ့ ရာဘာခြံထဲ ရောက်လာပြီး ပွဲစားက ပျောက်သွားလို့ ၂၉ ရက်ထိ ဘာမှ မစားရသေးဘူးလို့  ဖမ်းဆီးခံရသူတွေက ပြောပါတယ်။ တာဝန်ရှိသူတွေက သူတို့အားလုံးကို ဖတ်ထလုန်းခရိုင် လူမှုဖွံ့ဖြိုးရေးနဲ့ လူသားရင်းမြစ် အဖွဲ့ထံ ဆက်လက်ပို့ဆောင်ပြီး လူကုန်ကူးခံရသူတွေ ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးသွားမှာ ဖြစ်သလို ပွဲစားကိုလည်း စုံစမ်းရှာဖွေပြီး တရားဥပဒေအရ အရေးယူ အပြစ်ပေးသွားမယ်လို့ ဆိုပါတယ်။ အဆိုပါ နယ်မြေဟာ မလေးရှားနယ်စပ်နဲ့ နီးတဲ့အတွက်  ပွဲစားတွေက တရားမဝင် အလုပ်သမားတွေကို မကြာခဏ လာပစ်ထားလေ့ရှိပြီး ဒီနှစ်ထဲမှာ ဒီတကြိမ်ပါရင် ၃ ကြိမ် ရှိသွားပြီလို့  ခေါင်ချိုင်းဆွန်နယ်မြေရဲ စခန်းရဲအရာရှိက ပြောပါတယ်။ ကိုးကား - ထိုင်းရတ်သတင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024