Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ ဗဟိုဘဏ်ထုတ်ဝေမည်
နေဖြိုးဝင်း
·
May 30, 2018
  မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံပါ ကျပ်ငွေစက္ကူတွေကို လက်ရှိ အစိုးရလက်ထက်မှာ ထုတ်ဝေသွားမယ်လို့   နိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မေလ ၂၉ ရက်က ပြုလုပ်တဲ့ အစိုးရရဲ့ ပြည်သူ့အတွက် ဒုတိယ တနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောတာပါ။ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူထုတ်ဝေဖို့ကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုထားပြီး ဖြစ်လို့ ထုတ်ဝေသွားမှာဖြစ်ပေမယ့် တနှစ်လောက် အချိန်ယူရမယ်လို့ ဆိုပါတယ်။ “ငွေစက္ကူတခုကို ထုတ်ဖို့ စဉ်းစားရတာကနေ ထုတ်တဲ့အဆင့်ထိ ရောက်အောင် ဆိုလို့ရှိရင် ကိုးလကနေ တနှစ်လောက်ထိအောင် အချိန်ယူရပါတယ်။ နည်းပညာပိုင်းတွေ တော်တော်များပါတယ်။ ဘယ်ဟာက စထုတ်မလဲ ဆိုတာကလည်း အရမ်းနည်းပညာပိုင်း ဆန်တဲ့ ကိစ္စပါ။ ကုန်ကျစရိတ်ရော၊ လူတွေရဲ့ လက်ထဲကို ဘယ်လို ရောက်စေချင်တာလဲ၊ များများကြီး ပြန့်သွားစေချင်တာလား ဒီလို စဉ်းစားတဲ့ အချက်တွေကလည်း အများကြီးရှိပါတယ်။ ဒါကြောင့် အတည်ပြုတဲ့အတိုင်း ဆက်ထုတ်သွားမှာ ဖြစ်ပါတယ်။ ထုတ်မယ့် ငွေစက္ကူရဲ့ တန်ဖိုးကလည်း အမျိုးမျိုးရှိတဲ့အတွက်ကြောင့် သင့်လျော်သလို ဆက်ထုတ်သွားမှာ ဖြစ်ပါတယ်။ ဒီဟာက process ထဲမှာရှိပြီးသား ပြင်ဆင်ထားတာတွေ ရှိပြီးသား အဲဒါကြောင့် ဒီအစိုးရ လက်ထက်မှာ ထုတ်ကို ထုတ်မှာပါ။ ထုတ်ကို ထုတ်မှာ ဖြစ်ပါတယ်” လို့ ဦးစိုးသိန်းက ပြောပါတယ်။ အခုလို ဗိုလ်ချုပ်ပုံပါ ငွေစက္ကူထုတ်တာကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုမရှိနိုင်ဘဲ နှစ်လမ်း နှစ်မျိုးနဲ့ ထုတ်ဝေသွားမယ်လို့လည်း ဆိုပါတယ်။ “ဒီလို ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်တာကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုကတော့ ဇီးရိုးပါ။ တကယ် ရိုက်ခတ်မှုကို ဇီးရိုးပါ။ ဒါပေမယ့် လူတွေက ထင်နေတာက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပိုက်ဆံတွေ ထွက်မယ်။ ရိုက်ထုတ်လိုက်မယ်။ အဲဒီလို ထင်နေတာပါ။ မဟုတ်ပါဘူး။ ငွေကြေးဆိုတာက အဟောင်းတွေရှိလို့ ရှိရင် အဲဒီအဟောင်းတွေ ပြန်သိမ်းတယ်။ သိမ်းပြီးရင် အသစ်တွေ ထုတ်မယ်။ နောက်တခုက စီးပွားရေးစနစ်ထဲမှာ ငွေစက္ကူ ဘယ်လောက်ရှိဖို့ လိုနေသလဲ ဆိုတာကို စဉ်းစားတာ။ စီးပွားရေးဖွံ့ဖြိုးလာတဲ့ အချိန်မှာ လက်ရှိ ရှိတဲ့ ငွေပမာဏကို မတိုးပွားဘဲ အသေကိုင်ထားလို့ မရဘူး။ စီးပွားရေး ဖွံ့ဖြိုးလာရင် သူ့ကို လည်ပတ်နိုင်အောင် ငွေစက္ကူပမာဏကို လိုက်မြှင့်ပေးရတယ်။ အဲဒီလို မြှင့်ပေးတဲ့အချိန်မှာ ငွေစက္ကူကို ဒီစီးပွားရေးထဲကို ထည့်ပေးရပါတယ်”လို့ ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို အနာဂတ်ကာလ ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ ရိုက်နှိပ် ထုတ်ဝေဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပြီး ဆွေးနွေးအတည်ပြုခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024