မွန်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီး ၁ ဦး ရာထူးမှနုတ်ထွက်
DVB
·
May 30, 2018
မွန်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးမင်းထင်အောင်ဟန်ကို သူ့ရဲ့ သဘော ဆန္ဒအလျောက် ပြည်နယ်ဝန်ကြီး ရာထူးတာဝန်ကနေ နုတ်ထွက်ခွင့်ပြုလုပ်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ကြေညာပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၆၄ ပုဒ်မခွဲ (က)နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂ ၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်တွေအရ နုတ်ထွက်ခွင့်ပြုလိုက်တာ လို့ မေ ၂၉ ရက်စွဲနဲ့ သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
ဦးမင်းထင်အောင်ဟန်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်လွှတ်တော် အတွက် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပါတယ်။