လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာပေါင်း ၁၀၀ ကျော် ပြည်ပမှ ပေးပို့
ပိုင်စိုး
·
May 29, 2018
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ ပြည်ပ အဖွဲ့အစည်းတွေဆီကနေ တိုင်တန်းချက်ပေါင်း ၁၀၆ စောင်ရရှိခဲ့ပြီး ကချင်နဲ့ ရခိုင်ပြည်နယ် ကိစ္စတွေက အများဆုံးဖြစ်တယ်လို့ ကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြ ပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကချင်ခရစ်ယာန်ဘာသာရေး ဆရာ နှစ် ယောက်ဖမ်းခံရတာနဲ့ ပတ်သက်ပြီး တိုင်တန်းချက် ၃၈ စောင်၊ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေကို ဖမ်းဆီးနှိပ်စက်နေတာနဲ့ ပတ်သက်တဲ့ တိုင်တန်းချက်ကတော့ ၃၅ စောင် ပါဝင်တယ်လို့ ဆိုပါတယ်။
ကချင်ခရစ်ယာန်ဘာသာရေးဆရာ နှစ်ယောက်ကိုတော့ ကော်မရှင်က မြစ်ကြီးနားထောင် စစ်ဆေးရေးခရီးစဉ်မှာ တွေ့ဆုံမေးမြန်းခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာနကို အကြံပြုစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ ဖမ်းဆီးနှိပ်စက်ခံနေရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Al) အဖွဲ့က တိုင်တန်းချက်ပို့လာတာဖြစ်ပြီး အဲဒီတိုင်တန်းချက်ကို ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့ခဲ့သလို ပြည်ထဲရေးရဲ့ ပြန်စာကိုလည်း (AI) အဖွဲ့ထံ ပြန်ပို့ပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကော်မရှင်အနေနဲ့ ၂၀၁၅ ခုနှစ်မှာ ပြည်ပကတိုင်တန်းချက် ၂၅၉၈ ခုရရှိပြီး ၁၇၇၈ ခုကို ဖြေရှင်းပေးခဲ့လို့ အမှု ၈၂၀ ကျန်တော့သလို ၂၀၁၆ ခုနှစ်မှာတော့ ၁၂၇၄ မှု လက်ခံရရှိပြီး အရင်နှစ်လက်ကျန်တွေကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာလည်း လက်ခံရရှိတဲ့ ၁၀၆ ခုလုံးကို ဖြေရှင်းပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ပြည်တွင်းတိုင်တန်းချက်ကတော့ ၂၀၁၇ ခုနှစ်မှာ ၁၁၂၅ စောင်ရပြီး ၆၇၂ မှုကတော့ လူ့အခွင့်အရေးနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ကျန်တဲ့ ၄၅၄ မှုအတွက် သက်ဆိုင်ရာဌာနတွေကို ညှိနှိုင်းမေးမြန်းတာ၊ တိုင်တန်းသူတွေကိုအကြောင်းကြားတာ၊ မှတ်တမ်းထားတာ၊ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။