Homeမြန်မာသတင်း
ရှမ်းပြည်နယ်တွင် လောင်းကစားရုံများ တရားဝင်ခွင့်ပြုထားခြင်းမရှိဟု ပြည်နယ်ရဲတပ်ဖွဲ့မှူး ပြော
ရှမ်းပြည်နယ်တွင် လောင်းကစားရုံများ တရားဝင်ခွင့်ပြုထားခြင်းမရှိဟု ပြည်နယ်ရဲတပ်ဖွဲ့မှူး ပြော
ခွန်ဇော်ဦး
·
May 29, 2018
ရှမ်းပြည်နယ်အတွင်းက လောင်းကစားရုံတွေကို တရားဝင်ခွင့်ပြုထားတာ မရှိဘူးလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင် ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြည်သူ့အတွက် တနှစ်တာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ အသိပေးရှင်းလင်းပွဲ အခမ်းအနားမှာ ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ဖြေကြားလိုက်တာပါ။
အစိုးရထိန်းချုပ်နယ်မြေ လောက်ကိုင်မြို့မှာရှိတဲ့ လောင်းကစားရုံတွေကို ပြီးခဲ့တဲ့နှစ်က မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ပြီး ငွေကြေးတွေ ယူဆောင်သွားသလို လောင်းကစားရုံ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ဖြစ်ခဲ့ပါ တယ်။
ဒါ့အပြင် ဒီနှစ် မေလ ၁၂ ရက်နေ့ကလည်း မူဆယ်မြို့က လောင်းကစားရုံတွေကို TNLA တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ဒီလောင်းကစားရုံတွေဟာ ပြည်သူစစ်တပ်ဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရှမ်းပြည်နယ်အတွင်းက နယ်စပ်မြို့တွေမှာ လောင်းကစားရုံ၊ ငါးမန်းရုံ၊ ဂလုံးဂလုံး လို့ခေါ်တဲ့ ခြောက်ကောင်ဂျင်ခုံ၊ လေးကောင်ဂျင်နဲ့ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး စတဲ့ လောင်းကစား လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာဖြစ်ပါတယ်။
ပြည်သူစစ်တပ်ဖွဲ့တွေအနေနဲ့ ဥပဒေချိုးဖောက်တာတွေရှိရင် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်နဲ့ ရဲစခန်းတွေကို တိုင်ကြားနိုင်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆိုပါတယ်။