အန်အယ်လ်ဒီအမတ်များကို တိုင်ကြားမှုတွင် အဂတိလိုက်စားမှုမပါဝင်
ပြည့်ဘုန်းအောင်
·
May 29, 2018
အန်အယ်လ်ဒီအစိုးရ ၂ နှစ်ကျော် ကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃၅၀ တိုင်ကြားခံခဲ့ရပြီး ပါတီတွင်းကိစ္စတွေကိုသာ ပါတီဝင်အချင်းချင်းတိုင်ကြားကြတာလို့ တိုင်ကြားစာစိစစ်ရေး ကော်မတီဥက္ကဋ္ဌနဲ့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ဒီဗွီဘီကိုပြောပါတယ်။
“တိုင်ကြားခံရတဲ့ အဓိကကိစ္စတွေကတော့ ကိုယ်စားလှယ်တွေအနေနဲ့အလုပ်အမှုဆောင် အဖွဲ့တွေနဲ့ ပူးပေါင်းမှုမလုပ်တာတွေ၊ ပါတီကလုပ်တဲ့ အခမ်းအနားတွေ မတက်ရောက်တာတွေ ကို တိုင်တာများပါတယ်။ ဒါကလည်း ပါတီဝင် အချင်းချင်းဘဲ ပြန်တိုင်တာတွေပါ” လို့ ဒေါက်တာမျိုးညွန့် ကပြောပါတယ်။
တိုင်ကြားခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေကတော့ ရန်ကုန်တိုင်းကိုယ်စားလှယ်တွေ၊ ပဲခူးတိုင်းက ကိုယ်စားလှယ်တွေ အများဆုံးပါဝင်ပြီး ကျေးလက်ဒေသတွေထက် မြို့ပေါ်က ကိုယ်စားလှယ်တွေက အများဆုံးပါဝင်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
တိုင်ကြားခဲ့တဲ့အမှုတွေထဲကမှ လက်ရှိမှာ ကိုယ်စားလှယ် ၄၀ကျော်ကို ပါတီစည်းမျဉ်းအရ အရေးယူထားတယ်လို့ ဆိုပါတယ်။
“အရေးယူမှုတွေထဲကတော့ ပါတီစည်းမျဉ်းအရပါဘဲ ပါတီကနေ ထုတ်ပယ်တဲ့အမှုက တော့ မရှိပါဘူး။ အမြင့်ဆုံးအနေနဲ့ စာထုတ်သတိပေးတာပေါ့။ သူရဲ့ နိုင်ငံရေး ဖြတ်သန်းမှု ဂုဏ်သိက္ခာလည်း ရှိသေးတာဘဲ"လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။
လက်ရှိမှာတော့ တိုင်ကြားစာ ၃၀ ကျော်ကို ဆက်လက်စစ်ဆေးနေပြီး တွေ့ရှိချက်တွေအရ ထပ်မံအရေးယူသွားမယ်လို့ ဆိုပါတယ်။
“အဂတိလိုက်စားမှုတွေတော့ မပါဝင်ပါဘူး။ ဒီအမှုတွေဆိုရင်တော့ သက်ဆိုင်တဲ့ ဌာနတွေကဘဲ စစ်ဆေးပြီးအရေးယူ သွားမှာပါ”လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။