Home
မေးမြန်းခန်း
ဘယ်လိုမှ နောက်ပြန်လှည့်စရာ အကြောင်းမရှိဘူး
အေးနိုင်
·
June 28, 2012
ပြည်ထောင်စုဝင်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးခင်ရီတို့ ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းတွေနဲ ဆက်တိုက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုတွေရဲ့ နောက်ဆုံး အခြေအနေနဲ့ လက်ရှိရထားတဲ့ ငြိမ်းချမ်းရေး အခြအနေ ကနေ နောက်ပြန်လှည့်သွားနိုင်ခြေရှိ မရှိ ဆိုတာတွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဝင် ဦးခင်ရီကို ဆက်သွယ်မေးမြန်းထားပါတယ်။ ၀န်ကြီးတို့အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု အောင်မြင်အောင် ဘယ်လိုမျိုး စီမံဆောင်ရွက်ခဲ့ကြသလဲ၊ ဆောင်ရွက်နေကြသလဲ။ “ကျနော်တို့က ဒီကိုလာပြီး ငြိမ်းချမ်းရေးစကားပြောနေတဲ့ အဖွဲ့တွေနဲ့ ကျနော်တို့ လာတွေ့တာပါ။ လာစကားပြောတာပါ။ ဒီနေ့ဆိုကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ နောက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ တွေ့ပါတယ်။ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးတော့ လျင်လျင်မြန်မြန် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ဖြစ်အောင်ပေါ့။ အဲ့ကိစ္စလာပြီးဆွေးနွေးသလို တဖက်ကလည်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ဆိုတဲ့ ရည်မှန်းချက်က ရှိတဲ့အခါကျတော့ ပြည်ပနိုင်ငံရောက်နေတဲ့ ကျနော်တို့နိုင်ငံသားတွေ ပြန်လာနိုင်အောင်၊ ၀ိုင်းဝန်းဆောင်ရွက်နိုင်အောင်၊ ကျနော်တို့က ဒီကိုလာပြီးတော့ တွေ့သင့်တဲ့အဖွဲ့တွေ လာတွေ့။ ကျနော်တို့နဲ့တွေ့တဲ့ အဖွဲ့တွေကိုလည်း သဘောထားတွေပြောပြတယ်။ ဒီလုပ်ငန်းတွေ လာပြီးတော့ ဆောင်ရွက်တာပါ။” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကြီးမှာ တိုင်းရင်းသားတွေ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ လက်မှတ်ရေးထိုးနိုင်အောင် အန်ကယ်တို့ ဘယ်လိုမျိုး ဆောင်ရွက်ခဲ့သလဲ။ ဘယ်စိတ်ဓာတ်အခြေခံပေါ်မှာ စံပြုပြီးတော့ ဆောင်ရွက်ခဲ့ပါသလဲ။ “ဒီအချိန်က အဓိကကတော့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ရမယ့် ကာလလေ။ ဒီအချိန်မှာ တယောက်နဲ့တယောက် ညီအစ်ကိုတွေ လက်နက်စွဲကိုင် တိုက်ရမယ့် အချိန်မဟုတ်ဘူးလို့ ယုံကြည်တယ်။ သမ္မတကြီးအနေနဲ့ကလည်း ဒီကိစ္စကို ယုံကြည်ချက်ကြောင့် ဒီအချိန်ကတော့ ငြိမ်းချမ်းရေးလုပ်ရမယ့်အချိန်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပေါင်းပြီးလုပ်ရမယ့်အချိန်၊ ယုံကြည်ချက်နဲ့ ဒီကိစ္စကို အကောင်အထည်ဖော်တာပါ။ အဓိကကတော့ ယုံကြည်မှုပေါ့။ ယုံကြည်မှုတည်ဆောက်ပြီး စလုပ်ကြတာပေါ့။” ၀န်ကြီးတို့ ကေအိုင်အိုနဲ့ အလွတ်သဘော ၃ ကြိမ်တွေ့ပြီးပြီလို့ သိရပါတယ်။ တရားဝင်တွေ့ဆုံမှု ဘယ်တော့စမလဲ။ ဘယ်သူတွေပါမလဲ။ “ကေအိုင်အို၊ ကေအိုင်အေဘက်ကိုတော့ ကျနော် ပါမသွားဘူး။ ကျနော်က တော်တော်များများတော့ ကေအန်ယူဆွေးနွေးပွဲတွေမှာ ပါပါတယ်။ ဒါတွေကလည်း မကြာခင်ဖြစ်သွားမှာပါ။ အဖွဲ့ကြီး ၁၁ ဖွဲ့မှာ ၁၀ ဖွဲ့က အပစ်ခတ်ရပ်စဲခြင်း အဆင့်ကို ရောက်ကုန်ပြီ။ အဲ့တော့ ဒီတဖွဲ့လည်း ပါမှာပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးဖြစ်ချင်တယ်။ အခု အကောင်အထည်ဖော်နေတဲ့ သူတွေကလည်း ဖြစ်ချင်တယ်။ အခုစကားပြောနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကလည်း ဒီလက်နက်ကိုင်၊ ဒီလုပ်ငန်းကြီးကလည်း မဟုတ်ဘူးဆိုတာသိတော့ သူတို့ကလည်း ဖြစ်ချင်တယ်။ ပြည်သူကလည်း ဖြစ်ချင်တယ်။ အားလုံးကဖြစ်ချင်နေတော့ ဘာမှ မဖြစ်စရာအကြောင်းမရှိဘူး။ နည်းနည်းလေ ညှိနှိုင်းရတာမျိုးတော့ ရှိမှာပေါ့ဗျာ။” ၀န်ကြီးတို့က ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီမှာ ပါတာဆိုတော့ ကေအိုင်အိုနဲ့ အစိုးရက ပစ်ခတ်နေတုန်းပဲပေါ့နော်။ အပစ်ခတ်ရပ်စဲရေးက မလုပ်နိုင်သေးဘူးဆိုတော့ အစိုးရနဲ့ ကေအိုင်အို အပစ်ခတ်ရပ်စဲရေး မဖြစ်နိုင်သေးတာ အဓိက ဘာကြောင့်လဲ။ “တချို့ဟာလေးတွေကလည်း ညှိနှိုင်းနေဆဲ ကာလလေးမှာ ညှိနှိုင်းလို့မရသေးလို့ပေါ့ဗျာ။ နှစ်ဖက် တပ်တွေကြားမှာ ညှိနှိုင်းနေတဲ့အချက်လေးတွေ ရှိတာပေါ့။ ဒါလေးတွေ ပြီးပြည့်စုံတဲ့ အဆင့်ကို မရောက်သေးလို့ပါ။ မရစရာမရှိပါဘူး။ ကျနော်ပြောသလိုပဲ အနှေးနဲ့အမြန်ပါပဲ။ ရကိုရမယ့် ကိစ္စတွေပါ။” ၀န်ကြီးတို့ ကချင်၊ ကရင်၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားနယ်မြေတွေရောက်တော့ အဲ့ဒီမှာ ရောက်နေတဲ့ ဒုက္ခသည်တွေ၊ ပညာမတတ်ဘဲ ကျောင်းမနေနိုင်တဲ့ ကလေးငယ်တွေ ရှေ့ရေးအတွက် ၀န်ကြီးတို့က ဘာလုပ်ပေးဖို့ စီစဉ်ထားလဲ။ “ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဆင့်တွေရှိတယ်လေ။ အကြမ်းဖျင်း ပြောရရင် ပထမအဆင့်က အပစ်ခတ်ရပ်စဲရေး လုပ်မှာပေါ့။ နှစ်ဖက်တပ်တွေက အပစ်အခတ်ရပ်စဲသွားဖို့လိုတယ်။ အပစ်အခတ်ရပ်စဲသွားရင် ရွာပုန်းရွာရှောင်တို့၊ ဒုက္ခသည်တွေ အတွက်လည်း ပြန်လည်နေရာချထားရေးတွေလုပ်မယ်လေ။ ကိုယ့်တိုင်းပြည်သားတွေ ကိုယ့်ထဲကိုပြန်ရောက်တဲ့အခါမှာ သူတို့ရဲ့ ဘ၀ရှေ့ရေး၊ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်အတွက် တဆင့်ပြီး တဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါတဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမှာပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အဓိက ရည်ရွယ်ချက်က အပစ်အခတ်ရပ်စဲရေးဆိုတော့ အခု အပစ်အခတ်ရပ်စဲရေးကို လုပ်နေတဲ့ သဘောပါပဲ။” ဒီနေ့ဆိုရင် ၀န်ကြီးတို့က လူ့အခွင့်အရေးအဖွဲ့  (မြန်မာနိုင်ငံ) ဦးအောင်မျိုးမင်တို့၊ မြန်မာ အမျိုးသမီးအဖွဲ့ချုပ်တို့နဲ့ တွေ့တယ်ဆိုတော့လေ။ ဒီလို မြန်မာနိုင်ငံရှေ့နေများ ကောင်စီအသင်းတို့ကို တရားမ၀င်အသင်းအပင်းအဖြစ် ကြေညာထားရာကနေ ဘယ်တော့လောက် ပြန်ဖျက်သိမ်းဖို့ ၀န်ကြီးတို့ စီစဉ်ထားလဲ။ “အဲဒါတွေကတော့ တဆင့်ပြီး တဆင့်ပေါ့ဗျာ။ တနိုင်ငံလုံးငြိမ်းချမ်းအောင်၊ အပြင်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ ပြန်လာအောင် ခေါ်ပြီးမှတော့ ဒီဟာတွေက အသေးအဖွဲ့လေးတွေပါ။ တဆင့်ပြီး တဆင့်လုပ်သွားရမယ့်  ကိစ္စတွေပါဗျ။” နိုင်ငံရေးပါတီထဲကဆိုရင် လူ့ဘောင်သစ်တို့၊ အန်အယ်လ်ဒီ-အယ်လ်အေတို့နဲ့လည်း တွေ့တော့ သူတို့ ဘာတွေ လိုလားတယ်ဆိုတာကို အကဲဖြတ်မိသလဲ။ “လောလောဆယ်တော့ တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ပေးရမလဲ၊ ဘယ်လို ဆောင်ရွက်ပေးစေချင်လဲ အချက်တွေကို ဆွေးနွေးကြတာပါ။ ဒီလောက်ဆိုရင်တော့ ဒီအဖြေက ပြည့်စုံမယ် ထင်ပါတယ်ခင်ဗျ။” အန်ကယ်လ်တို့ လိုက်လံပြီး တွေ့ဆုံနေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ တချိန်က အရှိန်အ၀ါ အင်မတန်ကြီးတဲ့ မြန်မာပြည် ကွန်မြူနစ်ပါတီလိုမျိုး ပါတီတွေ မပါတာတွေ့ရပါတယ်။ အဲဒီပါတီတွေနဲ့ရော ဘယ်တော့လောက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ စီစဉ်ထားလဲဗျာ။ “ကျနော်တို့ကတော့ အားလုံးကို ကမ်းလှမ်းထားတယ်လေ။ ကမ်းလှမ်းထားတဲ့အပြင် မလာနိုင်တဲ့သူတွေကို သွားပြီး ခေါ်တွေ့နေတာတွေ ရှိတယ်။ ကျနော်တို့ဘက်ကတော့ အမြဲတမ်းတံခါးဖွင့်ထားတယ်ဗျ။” ဒါဆို ဗကပနဲ့လည်း ကမ်းလှမ်းထားတယ်ပေါ့နော်။ “အားလုံးကို ကျနော်တို့က အမြဲတမ်း တံခါး ဖွင့်ထားတာပါ။” ဒီငြိမ်းချမ်းရေးအဖွဲ့ဟာ နောက်ပြန်မလှည့်ဘူးဆိုတဲ့ အာမခံချက်မျိုး ပေးနိုင်ပြီလား။ ဒီဟာနဲ့ ပတ်သက်ပြီးရော စာချုပ်စာတမ်းတွေက ခိုင်မာရဲ့လား။ “စာချုပ်စာတမ်းဆိုတာထက်ကို နှစ်ဦးနှစ်ဖက်ရဲ့ ယုံကြည်မှုက အင်မတန် ခိုင်မာပါတယ်။ နိုင်ငံတော်ကိုယ်တိုင်ကလည်း လိုလားတယ်။ အကောင်အထည်ဖော်တဲ့ ကျနော်တို့ကလည်း စိတ်ရောကိုယ်ပါ နှစ်ပြီး ယုံကြည်ချက်အပြည့်နဲ့ လုပ်တယ်။ တဖက်က ဆွေးနွေးတဲ့အဖွဲ့အစည်းတွေကလည်း သိပ်ကို ဖြစ်စေချင်တဲ့အဖွဲ့  ဖြစ်တယ်။ ပြည်သူကလည်း လိုလားတယ်။ ဘယ်လိုမှ နောက်ပြန်လှည့်လို့ မရှိဘူး။ ကျနော်တို့ကတော့ အလေးအနက် အခိုင်အမာ ယုံကြည်ပါတယ်ခင်ဗျ။” မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ မြန်မာပြည်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရှိတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အားနည်းတာတွေ့ရတယ်။ ဆွေးနွေးပွဲတွေမှာလည်း မတွေ့ရ သလောက်ပဲ။ အဲဒီတော့ အမျိုးသမီးတွေ ပါဝင်မှု အရှိန်အဟုန်ကို ဆုံးဖြတ်ချက်ချတဲ့နေရာ မှာ မြှင့်တင်ဖို့ ၀န်ကြီးတို့ ရှေ့လျှောက် ဘယ်လိုစီစဉ်ထားလဲ။ “ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ရန်ကုန်မှာ ဆွေးနွေးတုန်းက အဲဒီဘက်က ခေါင်းဆောင်လာ တဲ့ နော်စီဖိုးရာစိန် ဆိုတာ ကေအန်ယူဘက်က အမျိုးသမီးပါ။ ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို) ကလည်း ပါပါတယ်။ အဲဒီ ပဋိပက္ခ ဧရိယာတွေမှာ ထိခိုက်နစ်နာတာ အမျိုးသားတွေချည်းပဲ မဟုတ်ဘူးလေ။ အမျိုးသမီးတွေ အခန်းကဏ္ဍလည်း ထည့်သွင်းစဉ်းစားရမယ်ဆိုတာ ကျနော်တို့ ယုံလည်း ယုံကြည်တယ်။ ကျနော်တို့ လုပ်ရမယ့် ကိစ္စတခုလည်း ဖြစ်တယ်။ ဒီကိစ္စကို ကျနော်တို့ အလေးအနက်ထားပြီး စဉ်းစားပါတယ်။ ဒီနေ့ ကျနော်တို့တွေ့တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (ဒဗလျူအယ်လ်ဘီ) ဆိုတာ အမျိုးသမီးအဖွဲ့ပဲလေ။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမြှင့်တင်လိုတဲ့ ဆန္ဒ ရှိလို့ ကျနော်တို့ ဒီအဖွဲ့ကို ကမ်းလှမ်းပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကူညီမယ်လို့လည်း သူက ပြီးခဲ့တဲ့ နှစ်ပိုင်းက ပြောထားတယ်။ တိုင်းရင်းသားအဖွဲ့အစည်း တော်တော် များများက လည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေးကို လိုလားတယ်ဆိုတော့ ၀န်ကြီးတို့ အစိုးရဘက်ကရော ဒီဖြစ်စဉ်ရဲ့ အခန်းကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမျိုး သဘာထားလဲ။ “ကျနော်တို့ကတော့ ငြိမ်းချမ်းရေးလုပ်တာပဲ ဘယ်သူပဲပါပါ ကောင်းပါတယ်။ ဘယ်သူမပါဘူး၊ ဘယ်သူပါတယ်ဆိုတဲ့ ကန့်သတ်ချက် လုံးဝမရှိပါဘူး။ အားလုံးကို ကြိုဆိုပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024