စီးရှားကျွန်းအနီး အမေရိကန် စစ်သင်္ဘောများ ဖြတ်သန်းမှုကို တရုတ် ဆန့်ကျင်
DVB
·
May 28, 2018
တောင်တရုတ်ပင်လယ်ထဲက တရုတ်နဲ့ ဗီယက်နမ် ၂ နိုင်ငံကြားမှာရှိတဲ့ စီးရှား ကျွန်းတွေနားကို အမေရိကန် စစ်သင်္ဘောတွေ ဖြတ်သန်းသွားခဲ့တဲ့အတွက် တရုတ်အစိုးရက မကျေနပ်ဘဲ ဆန့်ကျင်ကြောင်း ပြောလိုက်ပါတယ်။
စီးရှားကျွန်း ကမ်းလွန်က ပင်လယ်ပြင်ဟာ တရုတ်ရေပိုင်နက်ဖြစ်လို့ အမေရိကန်က တရုတ်အစိုးရကို အကြောင်းမကြားဘဲ ဖြတ်သန်းသွားခဲ့တယ်၊ တရုတ်ရေတပ်က အမေရိကန် စစ်သင်္ဘောတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး နှင်ထုတ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ လုကန်းက မေ ၂၇ ရက်ညမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
“အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ်နဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး တရုတ်ရဲ့ အချုပ်အခြာအပေါ် ပြင်းပြင်ထန်ထန် ထိပါးတယ်။ ရေပိုင်နက်အတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အာဏာတည်ရေးကို နှောင့်ယှက်တယ်” လို့ သူက ပြောပါတယ်။
“အလားတူ လုပ်ရပ်တွေကို အမေရိကန်ဘက်က ချက်ချင်းရပ်တန့်ဖို့ ခိုင်ခိုင်မာမာ တိုက်တွန်းတယ်။ တရုတ်ဟာ အမျိုးသား လုံခြုံရေးနဲ့ အချုပ်အခြာကို ကာကွယ်ဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက် အားလုံးကို ဆက်လုပ်သွားမယ်” လို့ ဆိုပါတယ်။
တရုတ် အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဝူချန်းကလည်း အမေရိကန်ရဲ့ လုပ်ရပ်ကို အခိုင်အမာ ဆန့်ကျင်တယ်လို့ ပြောပါတယ်။