သိန္နီမြို့မှာ မသင်္ကာဖွယ်ရာ ယာဉ်တစီးအား လိုက်လံဖမ်းဆီးခဲ့တဲ့ အကောက်ခွန်ဝန်ထမ်း ၂ ဦး ရိုက်နှက်ခံခဲ့ရတယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။
မေလ ၂၆ ရက်နေ့က သိန္နီမြို့ ဘောလုံးကွင်းအနီး၊ ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်း အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးမျိုးမြင့်သွင်ပါ ၂ ဦးဟာ နံပါတ် (စိစစ်ဆဲ) မသင်္ကာဖွယ် WISH ယာဉ်အား လိုက်လံဖမ်းဆီးရာ အဆိုပါယာဉ်ပေါ်မှ လူ ၂ ဦးက ဆင်းလာပြီး သံတုတ်နဲ့ ရိုက်နှက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
ရိုက်နှက်ခံရမှုကြောင့် ဦးမျိုးမြင့်သွင်ပါ ၂ ဦးလုံး ဦးခေါင်း၊ ချိုစောင်း၊ နဖူးပေါက်ပြဲ ဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိခဲ့လို့ သိန်းန္နီပြည်သူ့ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။
ရိုက်နှက်သူအမည်မသိ ၂ ဦး (စုံစမ်းဆဲ) အား သိန္နီမြို့မရဲစခန်းမှ (ပ) ၁၀၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၁၁၄ (တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းအား ပြင်းထန်နာကျင်စေမှု/ အားပေး ကူညီမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။