ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးဘေးတလျှောက် သစ်ပင်ပျိုးပင်များစတင်စိုက်ပျိုးနေ
DVB
·
May 28, 2018
မွန်ပြည်နယ်၊ ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးမှာ မေ ၂၇ ရက် မနက်က သစ်တောဝန်ထမ်းတွေက သစ်ပင် ပျိုးပင်ပေါင်း ၂၄၀၀ ကျော်လောက် စတင်စိုက်ပျိုးနေပါတယ်။
သစ်တောဦးစီးအရာရှိ ဦးစိုးဝင်းက “ကျုံးတော်ကြီး ဘေးတလျှောက်လုံးမှာ ဒီနှစ်က ကျုံးကရေတွေပါ ခန်းခြောက်လာတဲ့အခါ ရေတွေ ထိန်းသိမ်းဖို့ ဖြစ်သလို ပြည်သူတွေ နားခို အပန်းဖြေနေရာလေးတခု ဖြစ်ဖို့ ကျုံးကြီး သာယာလှပစေရေး ဖြစ်စေလို့ စိုက်ပျိုးတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကျုံးကြီးဘေးတလျှောက်မှာ စိန်ပန်းပု၊ ငုရွှေဝါ၊ ပျိုးပင်စုစုပေါင်း ၂၄၀၀ ကျော်လောက် စိုက်ပျိုးသွားဖို့ ရှိနေသလို အခုနှစ် မိုးရာသီကာလအတွင်း မာန်အောင်သစ်တောကြိုးဝိုင်းက ဧကပေါင်း ၂၀၀ မှာ သစ်မာ၊ သင်္ကန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ သစ်ပင်ပျိုးပင်တွေ စိုက်ပျိုးဖို့ ရှိနေပါတယ်။
အံဒင်ကျေးရွာမှာလည်း ဧက ၂၀ အတွင်းမှ သမဲ့ပင်၊ ဗျူးရွှေဝါ ဒီရေတောသစ်ပင် ၂၄၀၀၀ လောက် ထပ်မံစိုက်ပျိုးသွားဖို့ရှိနေပြီး သဘာဝတော တန်ဖိုးမြှင့် စိုက်ပျိုးတာကိုတော့ ရေးချောင်း သစ်တောကြိုးဝိုင်းက ဧက ၅၀ မှာ ပျဉ်းကတိုး၊ သင်္ကန်း ပျိုးပင်ပေါင်း ၃၅၀၀ လောက် စိုက်ပျိုးပေးသွားမှာ ဖြစ်ပါတယ်။
ပြည်သူလူထု ဖြန့်ဝေပေးခြင်း အစီအစဉ်ကို ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယူကလစ်၊ မဟော်ဂနီ၊ ခရေ စတဲ့ ပျိုးပင်ပေါင်း ၂၅၀၀၀ ကျော်လောက်ကိုလည်း ထပ်မံဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။
နေမျိုးထွဋ်(ရေး)