Home
မြန်မာသတင်း
ရေမြောင်းပိတ်ဆို့မှုနှင့် စိုက်ပျိုးမြေ ပျက်စီးမှုကြောင့် တောင်သူများ အခက်တွေ့
DVB
·
May 28, 2018
ဆန်စပါးနဲ့ ရော်ဘာကို အများစု စိုက်ပျိုးကြတဲ့ မွန်ပြည်နယ်မှာ ချောင်းမြောင်းတွေ ပိတ်ဆို့နေတာနဲ့ မိုးတွင်းကာလ စိုက်ပျိုးမြေတွေထဲ ရေငန် ဝင်ရောက်တာတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာမှာ တောင်သူတွေ အခက်အခဲ ဖြစ်နေကြပါတယ်။ စိုက်ပျိုးရေးဌာနက တာဝန်ရှိသူတွေနဲ့ မေ ၂၂ ရက်နေ့မှာ တွေ့ဆုံပြီး တောင်သူတွေ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒ့ါအပြင် မျိုးစေ့အခက်ခဲကြောင့်လည်း စိုက်ပျိုးသီးနှံတွေ အရည်အသွေး ကျဆင်းလာပြီး အထွက်နှုန်းနည်းနေတဲ့ ကိစ္စကို တာဝန်ရှိသူတွေ တင်ပြခဲ့ပေမယ့် ဖြေရှင်းပေးတာ မရှိဘူးလို့ လယ်စိုက်တောင်သူတဦးဖြစ်တဲ့ ဦးစိုးဝင်းက ပြောပါတယ်။ “ချောင်းမြောင်းတွေ ပိတ်ဆို့နေတဲ့အတွက်ကြောင့် ရေစီးရေလာ ပိတ်ဆို့နေတာကို ကျနော်တို့ မနှစ်ကလည်း တင်ပြခဲ့ပါတယ်။ ဘယ်သူမှ လာမကြည့်ပေးကြပါဘူး။ မိုးဦးကျပြီဆိုရင် ချောင်းမြောင်းတွေ ပိတ်ဆို့နေတဲ့အတွက် ရေက လယ်ကွင်းတွေထဲကို အားလုံး စီးဝင်လာပါတယ်။ အမှိုက်တွေရော၊ ပုလင်းတွေရော အားလုံး ဝင်လာတဲ့အတွက် စိုက်ပျိုးရေးလုပ်လို့ မရဘူး။ လယ်စိုက်သမားတွေလည်း ပုလင်းကွဲတွေ စူးတယ်၊ ထိတယ်။ အများကြီး အခက်အခဲရှိပါတယ်။” ရိုးဂိုးကျေးရွာက ပေါ်ဆန်းမွှေး(တောင်ပြန်) စိုက်တဲ့ လယ်သမားတဦးကလည်း “အရင်ကလို ဆန်အရည်အသွေး မရတော့ဘဲ အထွက်နှုန်းတွေ လျော့ကျလာတယ်” လို့ ပြောပါတယ်။ တောင်သူလယ်သမားတွေ တင်ပြကြတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်မှူး ဦးကြည်စိုးက “တောင်သူတွေ တင်ပြချက်တွေကို သုံးသပ်ကြည့်တဲ့အခါ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးမှာ မြေရှိတယ်။ ရေရှိဖို့လည်း လိုတယ်။ ရေကြီးတဲ့အခါ ချောင်းမြောင်းတွေကို ဖောက်ပေးဖို လိုတယ်။ ရေငန်တွေ ဝင်မလာအောင် ရေငန်တား တမံတွေ လုပ်ပေးဖို့လိုတယ် ဆိုတဲ့ အချက်တွေကို အများဆုံး တင်ပြကြတယ်။ ဆည်မြောင်းကိစ္စတွေ၊ ရေငန်တားပေးဖို့ ကိစ္စတွေ အများဆုံး တင်ပြကြတယ်။ ဒုတိယ အချက်ကတော့ ကုန်ထုတ်လမ်းတွေပေါ့။ ကုန်ထုတ်လမ်းတွေ ရှိခြင်းအားဖြင့် လယ်ထဲက ဘယ်သီးနှံမဆို ကိုယ့်အိမ်ကို ရောက်အောင် အလွယ်တကူ ပို့နိုင်မယ်။ အချိန်မီ ရိတ်သိမ်းဆောင်ရွက်နိုင်ဖို့ ကုန်ထုတ်လမ်းတွေ လိုတယ်။ နောက်တခုက လုပ်သားရှားပါးတဲ့ ပြဿနာပါ။ ကျွဲ၊ နွားတွေလည်း ရှားပါးလာတယ်။ မြေပြင်ဖို့အတွက် အခက်အခဲတွေ ဖြစ်လို့ စက်တွေ လိုအပ်တဲ့အကြောင်း တင်ပြကြတယ်” လို့ ပြောပါတယ်။ မျိုးစပါးနဲ့ပတ်သက်ပြီးလည်း အထွက်နှုန်းလည်း နည်းလာသလို အရည်အသွေးလည်း ကျလာတယ်။ ဒီမျိုးတွေက ၃ နှစ် စိုက်ပျိုးပြီးတာနဲ့ အသစ်ကို ပြန်ထည့်ရတယ်လို့ ဆက်ပြောပါတယ်။ လက်ရှိ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ လယ်ယာမြေဧက ၆ သောင်းလောက်ဟာ အတ္ထရံမြစ်ရေကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရပြီး စိုက်ပျိုးမှု အခက်အခဲ ကြုံနေတဲ့အတွက် ချောင်းမြောင်းတွေ တူးဖော်ပေးသွားဖို့ မွန်ပြည်နယ်အစိုးရက စီစဉ်နေတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပါတယ်။ “ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ရေကြီးနစ်မြုပ်မှုဒဏ် ခံနေရတဲ့ လယ်ယာမြေတွေကို ပြန်လည်ဖော်ထုတ်နိုင်ဖို့အတွက် ဦးစားပေး ဆောင်ရွက်နေပါတယ်။ ချောင်းမြောင်းပေါင်း လေး ငါး ခြောက်ဆယ်လောက် တူးရမယ့် အနေအထား ရှိနေတယ်။ ကျနော်တို့ ပြည်နယ်အစိုးရအနေနဲ့ ဘတ်ဂျက်နှစ်အလိုက် လျာပြီးတော့ လာမယ့်နှစ်မှာ ၂၉ မြောင်းလောက် တူးဖော်ပေးဖို့ ရှိပါတယ်” လို့ ပြောပါတယ်။ မွန်ပြည်နယ်မှာ မိုးစပါး နဲ့ နွေစပါး စိုက်ဧက စုစုပေါင်း ၇ သိန်းဝန်းကျင်ရှိပြီး မိုးစပါးကို အများဆုံး စိုက်ပျိုးလေ့ရှိပါတယ်။ အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024