Live
Home
မြန်မာသတင်း
ဝမ်းတွင်းက ဆရာ/ဆရာမများ ၁၀ တန်းဖြေလွှာ စစ်ဆေးခနှင့် စရိတ်များ မရသေး
DVB
·
May 26, 2018
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်က ဆရာ/ဆရာမတွေဟာ မန္တလေးတက္ကသိုလ်ကိုသွားရောက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာတွေ စစ်ဆေးပြီး ၁ လခွဲကြာသည့်တိုင် ခရီးစရိတ်နဲ့ နေ့တွက်စရိတ် မရကြသေးတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ အထက်တန်းပြ ဆရာဆရာမတွေ မေ ၂၅ ရက်နေ့က ပြောပါတယ်။ အထက်တန်းပြဆရာ ဦးအောင်ဇင်က “၁၀ တန်း စာစစ်လိုက်လာတာ ၅ နှစ်လောက်ရှိပြီ။ ဇွန်လလောက်ကမှ ခရီးစရိတ်ရတယ်။ နေ့တွက်စရိတ် တခါမှမရဖူးသေးဘူး။ မန္တလေးသွားတုန်းက ချေးငှားသွားရတယ်။ ချက်ချင်းပြန်မဆပ်နိုင်တော့ မျက်နှာပူ အားနာရတယ်။ မတ်လကုန်တဲ့ရက်မှာပဲ မန္တလေးသွားရတယ်။ ဧပြီလဆန်း ၁ ရက်နေ့မှာ စာစစ်ရတယ်။ တချို့လည်း သင်္ကြန်အကြိုနေ့လောက်မှ ပြီးတယ်။ တချို့လည်း စောစောပြီးတယ်။ တဘာသာနဲ့တဘာသာ မတူဘူးပေါ့။ နေစရာတော့ပေးပါတယ်။ စားတာက ဝယ်စားရတယ်။ ငွေကြေး အခက်အခဲရှိတာပေါ့” လို့ ပြောပါတယ်။ ဒုပညာရေးမှူး ဦးကျော်မြင့်က “၁၀ တန်းစာစစ်တွေကို ထုတ်ပေးရမယ့် ပိုက်ဆံ ဒီနေ့ပဲ ဘဏ်ကို ရောက်တယ်ဆိုတာ မက်ဆေ့နဲ့ သိရတယ်။ ဆရာတွေကိုတော့ ထုတ်မပေးရသေးပါဘူး။ သူတို့အခက်အခဲလည်း ‎ကိုယ်ချင်းစာမိပါတယ်။ ၂၀၁၈-၁၉ ဘတ်ဂျက်ထဲ ခရီးစားရိတ်ခေါင်းစဉ်နဲ့ ထုတ်ယူရတာပါ။ ဒီနှစ် နေ့တွက်စရိတ်နဲ့ ‎ခရီးစရိတ် ၂ ခုလုံးပေးမှာပါ” လို့ ပြောပါတယ်။ “ဝမ်းတွင်းမြို့နယ်မှာ အထက်တန်းပြ ‎ဆရာဆရာမ ၁၆၅ ယောက်ရှိပါတယ်။ ၁၀ တန်းစာစစ်ကို အထက်တန်းပြဆရာ ၁၂၀ လောက် သွားခဲ့တာပါ။ စာစစ်ခအဖြေလွှာတစောင်ကို ၃၀၀ ကျပ်ရပါတယ်။ ဆရာတဦးကို အဖြေလွှာ ၁၀၀ ကနေ ၂၅၀ အတွင်း စစ်နိုင်တယ်” လို့ မြို့နယ်ပညာရေးမှူးရုံးက ‎ပြောပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024