Home
မြန်မာသတင်း
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆော်ဒီအာရေဗျအသင်းအကြောင်း တစေ့တစောင်း
DVB
·
May 26, 2018
၁၉၉၄ ခုနှစ် အမေရိကန် ကမ္ဘာ့ဖလားမှာ ၁၆ သင်းအဆင့်ထိ တက်ရောက်ခဲ့ပြီးတော့ အမြင့်ဆုံးအောင်မြင်မှုရရှိခဲ့တဲ့ အာရှအသင်းတသင်းဖြစ်တဲ့ ဆော်ဒီအာရေဗျအသင်းဟာ  ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရရှိတာပဲဖြစ်ပါတယ်။ ခြေစစ်ပွဲ အောင်မြင်လာတဲ့ ၃၂ သင်းမှာ အင်အားအနည်းဆုံးအသင်းဖြစ်တဲ့ ဆော်ဒီအာရေဗျ အသင်းဟာတော့ လာမယ့် ၂၀၁၈ မှာ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ရဖို့ ရှိနေပါတယ်။ အုပ်စု (က)မှာ အိမ်ရှင်ရုရှား၊ အသင်းကောင်း ဥရောဂွေး၊ ခြေစွမ်းတက်လာတဲ့ အီဂျစ်အသင်းတို့ကြားမှာ သရေ တမှတ်ရရှိဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်ရမယ့် အသင်းလည်း ဖြစ်ပါတယ်။ အာရှဖလား ၃ ကြိမ်အထိ ရရှိထားပြီးတော့ အာရှမှာ အင်အားကြီးတဲ့ အသင်းတသင်း ဖြစ်ပေမယ့် ကမ္ဘာ့အင်အားကြီးအသင်းတွေကြားမှာတော့ နောက်တဆင့်ကို ရောက်ရှိဖို့ မလွယ်ကူနိုင်ပါဘူး။ ခြေစစ်ပွဲ ဖြတ်ကျော်မှုအရတော့ အာရှဇုန် နောက်ဆုံးအဆင့်အုပ်စု (ခ) မှာ ဒုတိယနေရာ ရရှိခဲ့တဲ့အတွက် ဂျပန်အသင်းနဲ့အတူ တိုက်ရိုက်ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။ ပြည်တွင်း ကလပ်အသင်းက ကစားသမားတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ ဆော်ဒီအာရေဗျအသင်းဟာ ဥရောပအတွေ့အကြုံရှိ ကစားသမားတွေဆိုလို့ ဗယ်လာဒိုးလစ်အသင်းက အဲလ်မိုဆာ၊ လီဂါနက်စ်အသင်းက အယ်ရှာရီ၊ လီဗန်တေးအသင်းက အဲလ်မူဝလက်ဒ်တို့ပဲ ပါဝင်ပါတယ်။ ချီလီနည်းပြဟောင်း အန်တိုနီယိုပစ်ဇီလက်အောက်မှာ စုစည်းမှု၊ စိတ်ဓာတ်အပြည့်နဲ့ ကြိုးစားနေတဲ့ ဆော်ဒီအာရေဗျအသင်းဟာ လာမယ့်ကမ္ဘာ့ဖလားမှာ အောက်ဆုံးအသင်းတသင်း အဖြစ်ပဲ သတ်မှတ်ခံထားပေမယ့် ဘယ်လိုမျိုး အံ့အားသင့်စရာတွေ လုပ်ပြနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024