A-7 လုပ်ကွက်တွင် တွင်းတူးဖော်မည်ဖြစ်၍ သင်္ဘောများကို သတိပေးချက်ထုတ်ပြန်
DVB
·
May 26, 2018
ကမ်းလွန်လုပ်ကွက် A-7 မှာ တွင်းတူးဖော်ရေးလုပ်ငန်းတွေ လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ရေကြောင်း သတိပေးချက်တခု ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာ့ရေနံမြေနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းတို့မှ အကျိုးတူ ပူေးပါင်းဆောင်ရွက်နေတဲ့ Woodside Energy (Myanmar) Pte,Ltd ဟာ ကမ်းလွန် လုပ်ကွက်အမှတ် A-7 မှာ တွင်းတူးဖော်ရေးလုပ်ငန်းတွေကို မေလ ၂၉ ရက်ကနေ ဇွန်လ ၂၉ ရက်အထိ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအတွက် ကမ်းလွန်လုပ်ကွက် A-7 မှာ တွင်းတူးဖော်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေချိန်အတွင်း လုပ်ငန်းနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေဖို့အတွက် လုပ်ငန်းခွင်နဲ့ တည်နေရာဧရိယာကနေ ၅၀၀ မီတာပတ်လည်အတွင်း ရေကြောင်း သတိပေးချက်ထုတ်ပြန် ထားပါတယ်။
သင်္ဘောကြီးငယ်၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘော၊ စက်တပ်သမ္ဗာန်တွေ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာတွေ ချထားမှုတွေမပြုလုပ်ကြဖို့ ငါးလုပ်ငန်းဦးစီးဌာနက သတိပေးထားပါတယ်။