မလေးဝန်ကြီးချုပ်ဟောင်း၏ သားနှင့်သမီး လက်ကိုင်အိတ်များအတွင်း ရင်းဂစ် သန်း ၁၀၀ ကျော် တွေ့ရှိ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ရဲ့ သားနဲ့သမီး နေတဲ့ တိုက်ခန်းတွေကနေ သိမ်းခဲ့တဲ့ လက်ကိုင်အိတ် ၃၅ အိတ်ထဲမှာ မလေးရှားရင်းဂစ်ငွေ ၁၁၄ သန်းနီးပါးရှိ ငွေသားတွေ တွေ့ခဲ့တယ်လို့ မလေးရှား စီးပွားကူးသန်း ရာဇဝတ်မှုစုံစမ်းရေးဌာန (CCID) ဌာနမှူး အာမာဆင်းက မေလ ၂၅ ရက်မှာ ပြောပါတယ်။ နောက်ထပ် ၃၇ အိတ်ထဲမှာ ရတနာတွေနဲ့ နာရီတွေ ပါနေပေမယ့် အဲဒီပစ္စည်းရဲ့တန်ဖိုးကို မတွက်ချက်ရသေးဘူးလို့ သူက ပြောပါတယ်။ ငွေအမျိုးအစား ၂၆ မျိုးအထိရှိပြီး ရင်းဂစ်ငွေနဲ့ စင်ကာပူဒေါ်လာ အများဆုံးလို့လည်း သူက ပြောပါတယ်။ မေ ၁၈ ရက်နေ့မှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ လုပ်ခဲ့တဲ့ စီးနင်းရှာဖွေမှုမှာ သိမ်းမိခဲ့တာလို့ သူက ပြောပါတယ်။ CCID အရာရှိတွေဟာ မေ ၁၈ ရက်နေ့က ကွာလာလမ်ပူမြို့ရှိ ပါဗီလွန် တိုက်ခန်းတွဲမှာ စီးနင်းရှာဖွေခဲ့တာဖြစ်ပြီး ရတနာတွေ၊ ဒီဇိုင်နာလက်ကိုင်အိတ်တွေ၊ ရှူးဖိနပ်တွေ၊ နာရီတွေနဲ့ ငွေသားတွေပါတဲ့ ဘူး ၂၈၄ ဘူးကို သိမ်းမိခဲ့တာပါ။ ဒါ့ပြင် သိမ်းဆည်းချိန် အရာရှိတွေကို လက်ကိုင်ဖုန်း ကိုင်ခွင့်မပေး၊ ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ခွင့်မပြုထားလို့ အင်တာနက်လူမှုကွန်ရက်မှာ ပျံ့နှံ့တဲ့ ဖမ်းမိတဲ့ ပစ္စည်းတွေဆိုတဲ့ ဗွီဒီယိုဖိုင်ဟာ အတုဖြစ်တယ်လို့ သူက အတည်ပြုသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up