Home
မြန်မာသတင်း
အသံချဲ့စက် ဆူညံသံ လျှော့ချပေးရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို
DVB
·
May 25, 2018
နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးမှာ မြန်မာနိုင်ငံဘက်က အသံချဲ့စက်တွေနဲ့ ပြောဆိုနေတဲ့ ဆူညံသံကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် နေထိုင်ကြတဲ့ နိုင်ငံသားတွေ စိုးရိမ်ပူပန်နေပြီး စာသင်ကျောင်းတွေ၊ သင်တန်းကျောင်းတွေ ရှိနေလို့ အသံလျှော့ချပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ရင်းမှူးများအဆင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၃ ရက် မွန်းလွဲပိုင်းက နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ကျင်းပရာမှာ တောင်းဆိုလိုက်တာပါ။ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး လူမနေထိုင်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ လူဦးရေ တိုးပွားလာနေတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ လျစ်လျူရှု ထောက်ခံအားပေးတဲ့ သဘောဆောင်နေတယ်၊ အိမ်ထောင်စုတွေကို တိုးချဲ့လာတာနဲ့ ရွှေ့ပြောင်းလာတာတွေကို ထိန်းသိမ်းဖို့ အသံချဲ့စက်နဲ့ သတိပေးတားမြစ်နေရတာ ဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်ပါက ဒီလိုလုပ်ဆောင်ဖို့ မလိုဘူးလို့ မြန်မာဘက်က တုံ့ပြန်ခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ အဆိုပါတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးက ဆွေးနွေးပြောရာမှာ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ CCTV ကင်မရာ ၄ လုံး တပ်ဆင်တာနဲ့ လုံခြုံရေး ဆိုလာမီးတိုင် ၁၀ တိုင် တပ်ဆင်ထားတာဟာ တဖက် နိုင်ငံနယ်မြေ အခြေအနေတွေနဲ့ လှုပ်ရှားမှုကို စောင့်ကြည့်သတင်းရယူတာဖြစ်လို့ ကုလသမဂ္ဂ စည်းမျဉ်းအရ စည်းမျဉ်းအရ မလုပ်သင့်လို့ အမြန်ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငါးဖမ်းစက်လှေနဲ့အတူ တွေ့ရှိထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အာမောက်ဖော်လောင်ပါ ၅ ဦးကို  လွှဲပြောင်းပေးအပ်ဖို့ အကြောင်းကြားထားပေမယ့် အခုထိ အကြောင်းပြန်ခြင်း မရှိကြောင်း၊ နှစ်နိုင်ငံ သတင်းဖလှယ်မှုကို အခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးဖို့ အဆိုပြုကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အဦ မဆောက်လုပ်ဖို့ တားမြစ်ဇုန်အတွင်း တဲအသစ်တွေ ထပ်ဆောက်နေတာကို ရပ်ဆိုင်းပေးဖို့၊ ရိက္ခာလာပို့တာနဲ့ လုံခြုံရေး လိုက်ပါကူညီနေတာတွေကိုလည်း မြန်မာဘက်က ကန့်ကွက်ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်းမှူးကတော့  နှစ်နိုင်ငံ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေပေမယ့် နေရပ်စွန့်ခွာသူတွေ ပြန်လည်ဝင်ရောက်နိုင်ရေး ကိစ္စအဆင်မပြေသေးကြောင်း၊ နှစ်နိုင်ငံ နယ်စပ်တလျှောက် မြန်မာ့တပ်မတော်အနေနဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်မှုတွေရှိပါက အသိပေး အကြောင်းကြားစေလိုကြောင်း စသဖြင့် ပြောကြားခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။ ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ၁၀ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့က ၁၀ ဦးနဲ့  လေ့လာသူတွေ တက်ရောက်ခဲ့ကြပါတယ်။ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တားမြစ်နယ်မြေမှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘန်ကာတွေ ဆောက်လုပ်ထားတာကို ဖယ်ရှားပေးဖို့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို မေ ၂၃ ရက်ကလည်း ခေါ်ယူတွေ့ဆုံ သတိပေးထားပါတယ်။ ဓာတ်ပုံ-Information Committee
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024