Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင်အစီရင်ခံစာအပေါ်ဆွေးနွေးချက် တပ်မတော်သားအမတ်ကန့်ကွက်
နေဖြိုးဝင်း
·
May 24, 2018
  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာပါ ဆွေးနွေးချက်တွေအပေါ် ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ်က ကန့်ကွက်လိုက်တာပါ။ မန်တုံမဲဆန္ဒနယ်က ဒေါ်နန်းမိုးက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာမှာ သူ့ရဲ့ မဲဆန္ဒနယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတစ်ချို့က ဒေသခံတိုင်းရင်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်တဲ့အတွက် တိုင်ကြားထားတာ အကြောင်းမပြန်ဘူးလို့ ဆွေးနွေးချက်အပေါ် အခုလို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်တာဖြစ်ပါတယ်။ “ကျမရဲ့ မဲဆန္ဒနယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားအချို့က အပြစ်မဲ့ ဒေသခံတိုင်းရင်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်တာနဲ့ပတ်သက်ပြီး ကျမကိုယ်တိုင် တိုင်ကြား ခဲ့ပါတယ်။ အစီရင်ခံစာမှာပါတဲ့အတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနက စစ်ခုံတွေဖွဲ့စည်းပြီး စစ်ဆေးခဲ့ပါတယ်။ သို့သော် စစ်ဆေးပြီး အခု ၈ လကြာတဲ့အထိ ကြာခဲ့ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုက်တန်တဲ့ ပြစ်ဒဏ် တစုံတရာပေးပြီး အရေးယူခြင်း ရှိ မရှိကို ကျမထံ အကြောင်းပြန်ကြားလာတာ လုံးဝမရှိသေးပါ။ ဒါကြောင့် ကျမအကြံပြုလိုတာက ဒီလိုကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ အမှန်တကယ် ပြီးပြတ်အောင် ဆောင်ရွက်ခြင်း ရှိ မရှိကိုလည်း စိစစ်ပေးစေ လိုပါတယ်” လို့ ဒေါ်နန်းမိုးက ဆွေးနွေးခဲ့တာပါ။ တပ်မတော်သားကိုယ်စားလှယ်တွေက အဖွဲ့အစည်းတခုကို နစ်နာအောင် ဆွေးနွေးတဲ့ အချက်ဖြစ်လို့ ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေအရ ကန့်ကွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော်တို့ အဖွဲ့အစည်းတခုကို ခြေခြေမြစ်မြစ် မရှိပဲနဲ့ ခိုင်ခိုင်မာမာ မရှိဘဲနဲ့နစ်နာလိုတဲ့ နစ်နာမှုရှိအောင် ဆွေးနွေးတဲ့အချက်၊ ကျနော်တို့ ပြည်ထောင်စု လွှတ်တော်ဥပဒေ ၁၉ အရ ကျနော်ကန့်ကွက်တာဖြစ်ပါတယ်။ ဒီဂဃနဏမသိပဲနဲ့ ကျနော်တို့ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ဒါထိခိုက်စေတာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ပုဒ်မ ၂၀၊ ၅(ဂ)အရ သူ့ရဲ့ ပုတ်ခပ်ဆွေးနွေးထားတာကို မှတ်တမ်းက ပယ်ဖျက်ပေး ဖို့ထပ်မံ ဖြည့်စွက်ဆွေးနွေးအပ် ပါတယ်”လို့ တပ်မတော်သား ကိုယ်စားလှယ်က ကန့်ကွက်ခဲ့တာပါ။ ဒေါ်နန်းမိုးဆွေးနွေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာနကို မေးမြန်းခဲ့တာမှာ တိုင်းတန်းချက်အပေါ် စိစစ်ပြီး အဓိကကျုးလွန်တဲ့ ဒုတပ်ကြပ်တဦးကို စစ်စည်း ကမ်းအရအရေးယူပြီး တာဝန်ရှိ ဗိုလ်မှူးကြီးအဆင့် အရာရှိတဦးကို အပြစ်ဖော်ပြ သတိပေး ဆုံးမမယ်လို့ ဖြေရှင်းထားတဲ့အတွက် ဒေါ်နန်းမိုးဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်း ကနေ ပယ်ဖျက် ပေးမယ်လို့ နာယက မန်းဝင်းခိုင်သန်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024