ဆုဖလားများရယူနိုင်ရေး အဓိကရည်မှန်းချက်ဖြစ်ဟု အာဆင်နယ်နည်းပြသစ် ပြော

ဆုဖလားတွေ ရယူနိုင်ရေးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးက အဓိကရည်မှန်းချက် ဖြစ်တယ်လို့ အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းနည်းပြအဖြစ် ခန့်အပ်ပြီးနောက် ပထမဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမ်မရီက အဲဒီလို ပြောကြားလိုက်တာပါ။ အာဆင်နယ်အသင်းလို သမိုင်းအစဉ်အလာရှိတဲ့ အသင်းကို ပြောင်းရွှေ့ခွင့်ရတာဟာ ဂုဏ်ယူစရာဖြစ်ပြီး အသင်းမှာ အမွေအနှစ်တွေ ထားသွားခဲ့တဲ့ အာစင်ဝင်းဂါးကိုလည်း ကျေးဇူးတင်တယ်လို့ အမ်မရီက ဆိုပါတယ်။ အခုနှစ်ရာသီမှာ ဆုဖလားတွေရယူဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရှရိရေးက မိမိရဲ့ ရည်မှန်းချက်ဖြစ်ပြီး တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အောင်မြင်မှုရအောင် အတူတကွ ကြိုးစားသွားမယ်ဆိုတာ ကတိပေးနိုင်တယ်လို့ အူနိုင်းအမ်မရီက ပြောပါတယ်။ အသက် ၄၆ နှစ်ရှိ စပိန်နည်းပြ အူနိုင်းအမ်မရီဟာ နည်းပြဘဝကို စပိန်ကလပ် ဒီပို့တီဗိုအသင်းမှာ စတင်ခဲ့ပြီး အယ်လ်မီးရီးယား၊ ဗလင်စီယာ၊ စပါးတပ်မော်စကို၊ ဆီဗီလာနဲ့ ပီအက်စ်ဂျီအသင်းတွေမှာ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဆုဖလားအောင်မြင်မှုအဖြစ် ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား ၃ ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူး ၁ ချန်ပီယံနဲ့ ပြည်တွင်းဖလား ၆ လုံး ရယူပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up