ပတ္တယားကမ်းခြေတွင် ခရီးသွားဧည့်သည်များကို လူမိုက်အုပ်စုက ထိုးကြိတ်မောင်းထုတ်

ဓာတ်ပုံ - CHAIYOT PUPATTANAPONG
ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေမှာ လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေက သူတို့အပိုင်နယ်မြေဆိုပြီး သတ်မှတ်ထားတဲ့ ကမ်းခြေနေရာမှာ ခွင့်ပြုချက်မရှိဘဲ ထိုင်နေကြတဲ့ ခရီးသွားဧည့်သည်တွေကို မောင်းထုတ်ကာ အိန္ဒိယ စီးပွားရေးသမားတဦးကိုတော့ ထိုးကြိတ်လို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ မောင်းထုတ် ထိုးကြိတ်ခံရမှုမှာ ထိုင်းနဲ့ အိန္ဒိယခရီးသွားတွေ ပါဝင်ပြီး မေလ ၂၂ ရက်နေ့ ညနက်ပိုင်းကဖြစ်တဲ့ ဒီအခင်းဖြစ်မှုက ပတ္တယားရဲစခန်းနဲ့ မီတာ ၁၀၀ လောက်ပဲ ဝေးတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ဘယ်ဒိ(ပ်)ဆင်း ဂူလတီဆိုတဲ့ အိန္ဒိယအမျိုးသားတဦးက သူနဲ့ မိတ်ဆွေတွေ ကမ်းခြေမှာ အနားယူနေတုန်း အခင်းဖြစ်ခဲ့တာလို့ ပြောလိုက်ပြီး ထိုင်းလူမိုက်အုပ်စုက သူ့ကို စော်ကား ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ ရဲတွေကို ပြောပါတယ်။ လူမိုက်အုပ်စုက အနားရောက်လာပြီး ဒီကမ်းခြေနေရာက မြေပိုင်ရှင်တဦး ပိုင်တာလို့ ပြောကတည်းက ထိုင်းခရီးသွား ရင်လာဒါကလာဟန်နဲ့ သူမသူငယ်ချင်းတွေ အဲဒီနေရာကနေ အမြန်ထွက်ခဲ့ကြောင်း၊ အများပိုင်နေရာက ဘာလို့ သူတို့ပိုင်ဖြစ်တာလဲဆိုတာကို စဉ်းစားနေမိကြောင်း သူမက ရဲတွေကို ပြောပါတယ်။ လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေ အမှတ်မထင် လာရာကနေ ခိုက်ရန်ဖြစ်မှု အနည်းအကျဉ်းဖြစ်ပြီး မစ္စတာဂူလတီ မျက်နှာကို လက်သီးနဲ့ထိုးခံရကာ မြေပြင်ပေါ် လဲကျသွားတယ်လို့ မစ္စရင်လာဒါက ပြောပါတယ်။ လူမိုက်တွေက ကမ်းခြေပေါ်မှာ ခရီးသွားတွေထိုင်ဖို့ ဖျာငှားတဲ့သူတွေဖြစ်မယ်လို့ ထင်ကြောင်းလည်း သူမက ရဲကို ပြောလိုက်ပြီး ရဲတွေကတော့ လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေကို လိုက်ရှာနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up