Home
မြန်မာသတင်း
နွားသေမှတဆင့်ကူးစက်သည့် ထောင့်သန်းရောဂါလူနာ ၆ ဦးအနက် ၅ ဦး ဆေးရုံဆင်း
DVB
·
May 24, 2018
  မိတ္ထီလာမြို့နယ် ရွာတန်းရွာမှာ နွားသေ‎ကတဆင့် ထောင့်သန်းရောဂါဖြစ်ခဲ့တဲ့ လူ ၅ ဦး မေလ၂၂ ရက်နေ့မှာ သက်သာတဲ့အတွက် မိတ္ထီလာဆေးရုံကနေ ဆင်းပြီး အုံတုံရွာသား တဦးကတော့ ဆေးရုံတက်နေဆဲပဲလို့ မိတ္ထီလာဆေးရုံ တာဝန်ကျ ဆရာမတဦးက ပြောပါတယ်။ မေလ ၁၇ ရက်နေ့မှာ ရွာတန်းရွာက နွားသေကိုဖျက်တဲ့ လူ ၅ ဦး နွားသေကတဆင့် ထောင့်သန်းရောဂါ ကူးစက်ခံခဲ့ရပြီး ခြေလက်တွေ ရောင်ရမ်းကာ အနာဖုလေးတွေ ပေါက်လာလို့ ဆေးရုံမှာတက်ရောက် ဆေးကုသမှုခံနေရတာပါ။ အုံတုံရွာနေ ကိုအောင်ဇော်ပုက "အလှူအိမ်အတွက် နွာအရှင်ကိုသတ်ပြီး အမဲသား လုပ်ပေးတာ လက်အိတ်တွေ ဘာတွေတော့ မပါဘူးပေါ့။ ကျနော်အပါ လူ ၆ ဦး လုပ်ပေးတာ။ ကျနော်တယောက်တည်းပဲ ‎ထောင့်သန်းရောဂါ လာဖြစ်တယ်။ ဝက်ခြံလို အဖုလေး ထွက်လာလို့ ကျေးလက်ဆေးခန်း ‎သွားပြတာ ချက်ချင်းပဲ ဆရာဦးမြင့်ထူးက ဆေးရုံလိုက်ပို့ပေးတယ် အခုတော့ သက်သာလာပါပြီ"လို့ ပြောပါတယ်။ မွေးမြူရေးနှင့်ကုသရေးခရိုင်ဦးစီးမှူး ‎ဦးမြင့်သိန်းဝင်းက “ဘက်တီးရီးယားရောဂါ‎ပိုး တမျိုးပါ။ အဲဒီရောဂါဖြစ်နေတဲ့နွားရဲ့ သွေးနဲ့ ‎အရည်တို့ လူ့ခန္ဓာမှာ ပေါက်ပြဲနေတာကတဆင့် အသားထဲ ဝင်သွားတာပဲ။ ကိုယ်ခံအားနည်းနေရင်လည်း လေထဲကတဆင့် ကူးစက်တတ်တယ်။ ဒီပိုးက နာရီဝက်လောက် ပွက်ပွက်ဆူနေတဲ့ ရေထဲမှာ သေတယ်။ မြေကြီးထဲမှာ အနှစ် ၆၀ လောက် နေနိုင်တယ်။ အဲရွာတွေက နွားတွေကို ကာကွယ်ဆေးထိုးပေးပြီး ပိုးသတ်ဆေးဖျန်းပေးနေပါတယ်"လို့ ပြောပါတယ်။ ရွာတန်းရွာမှာထောင့်သန်းရောဂါ ကူးစက်ခံခဲ့ရပြီးနောက် အိမ်ထောင်စု ၄၀ လောက်ကို ဆေးဖျန်းခြင်း၊ ကာကွယ်ဆေးကျွေးတာတွေကို ကျန်းမာရေးဝန်ထမ်းနဲ့ မွေးကုဝန်ထမ်းတွေက လုပ်ပေးနေတုန်း မေလ ၁၉ ရက်က အနီးနားက အုံတုံရွာမှာ ၇ွာသားတစ်ဦး ထပ်မံ ရောဂါကူးစက်ခံခဲ့ရပါတယ်။ ဒါကြောင့် အုံတုံရွာဘက်မှာလည်း  ‎လူနဲ့ တိရစ္ဆာန် ကာကွယ်ဆေးကျွေး၊ ဆေးထိုး ဆေးဖျန်းပေးခဲ့ရတယ်လို့ ခရိုင်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ပြောပြပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024