Homeမြန်မာသတင်း
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေသစ်ပြဋ္ဌာန်း
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေသစ်ပြဋ္ဌာန်း
DVB
·
May 23, 2018
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေသစ်ဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ အတင်းကြပ်ဆုံး ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က ထုတ်ပြန်ပါတယ်။
WWF-မြန်မာရဲ့ Conservation Director ဖြစ်တဲ့ နစ်ကော့ဇ်က “ဒီလို ဥပဒေပြဋ္ဌာန်း လိုက်တာကြာင့် မြန်မာနိုင်ငံက ၂၀၁၈ ခုနှစ် အောက်တိုဘာလ လန်ဒန်မြို့မှာ ကျင်းပမယ့် တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်ကို ကမ္ဘာ့အဆိုးရွားဆုံး ရာဇဝတ်မှု တခုဖြစ်တဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်တာကို ဆန့်ကျင်တဲ့ ဒေသတွင်းချန်ပီယံအဖြစ် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်တွေ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (CITES) ရဲ့ ကာကွယ်မှုရရှိထားတဲ့ မျိုးစိတ်တွေ ဒါမှမဟုတ် သဘာဝထိန်းသိမ်းနယ်မြေထဲက မျိုးစိတ်တွေ ကို ကုန်သွယ်တာ ဒါမှမဟုတ် တရားမဝင်အမဲလိုက်တာတွေကို မဖြစ်မနေ ထောင်ဒဏ်ကျခံရ မယ်ဆိုတဲ့ အကြောင်းအရာတွေ ကတော့ ဒီဥပဒေရဲ့ အဓိကအချက်အလက်တွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြီးတော့ ဒီပြဋ္ဌာန်းဥပဒေက မြန်မာနိုင်ငံထဲက ဌာနေမျိုးစိတ်တွေကိုသာမကဘဲ ပြင်ပက ရွှေ့ပြောင်းရောက်ရှိ ကျက်စားတဲ့ မျိုးစိတ်တွေကိုပါ ကာကွယ်ပေးထားတယ်လို့ သူက ပြောပါတယ်။
အတင်းကြပ်ဆုံး ဥပဒေကို ရရှိပြီးနောက် ဥပဒေစိုးမိုးအာဏာတည်ဖို့ လိုပြီလို့လည်း သူက ဆက်ပြောပါတယ်။
“အခုဆိုမြန်မာနိုင်ငံက ဒေသတွင်းနိုင်ငံတွေထဲမှာ အတင်းကြပ်ဆုံး တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ဥပဒေတခုကို ရရှိသွားပြီဖြစ်တဲ့အတွက်ကြောင့် အစိုးရအတွက် ဝမ်းမြောက် ဂုဏ်ယူသင့်ပါတယ်။ အခု ဘာပဲလိုအပ်တော့သလဲဆိုရင် ဒီဥပဒေကို စိုးမိုးအာဏာတည်စေဖို့ အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးက ပူးပေါင်းအားစိုက်ဖို့ပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ မေလ ၁၈ ရက်က ဆွေးနွေးအတည်ပြု လိုက်တာပါ။
ဓာတ်ပုံ-WWF