စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း မက်သဒုံးတိုက်ကျွေးတဲ့ ဌာနတွေဟာ ဆေးသမားမွေးမြူရာဌာနကြီးဖြစ်နေလို့ မူးယစ်ဆေးဖြတ်ဆေးရုံ တည်ဆောက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တဦးက စစ်ကိုင်းတိုင်းလွှတ်တော်မှာ တိုက်တွန်းပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ကောလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ကသာခရိုင်အတွင်း သင့်တော်တဲ့မြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန်အတွက် မူးယစ်ဆေးဖြတ်ဆေးရုံတရုံ ဆောက်လုပ်ပေးနိုင်ခြင်းရှိ၊ မရှိမေးမြန်းရာမှာ လူမှုရေးဝန်ကြီးက မဆောင်ရွက်နိုင်တဲ့ အကြောင်းကို ဖြေကြားခဲ့တာပါ။
ကသာခရိုင်အတွင်းမှာ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး ၃မြို့နယ်ရှိပြီး မူးယစ်ဆေးဝါး အန္တရာယ်က အဓိကစိန်ခေါ်မှုဖြစ်နေတယ်။ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုကလည်း နေ့စဉ်ရှိနေပြီး မြို့နယ်တွေရဲ့ မှုခင်းဖြစ်ပွားမှု ၇၀ ရာခိုင်နှုန်းက မူးယစ်ဆေးဝါးမှုတွေဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
“ဝန်ကြီးကတော့ ပြည်ထောင်စုအဆင့်ကလုပ်မှရမှာမို့ ဆောက်ပေးဖို့ မရှိသေးဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျမတို့အနေနဲ့တော့ ပြည်ထောင်စုလွှတ်တော်မှာ ကြိုးစားပြီး ဆက်တောင်းဖို့ အစီအစဉ်ရှိတယ်။ ဒီရက်ပိုင်းဆို မူးယစ်ဆေးဝါးကို ပိုပြီးဖမ်းဆီးရမိတယ်။ ဒီလို ဖမ်းတဲ့နေရာမှာလည်း ရဲအင်အားနည်းတဲ့အတွက် အရပ်ဘက်တွေပါဝင်လာရတဲ့အခါ အရပ်ဘက် တွေမှာတော့ အန္တရာယ်များတာပေါ့။ ဒါပေမယ့် အားလုံးက ကြိုးစားပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လုပ်ေ်နကြတယ်။ အခုဆိုရင် ကောလင်းမြို့နယ်အရှေ့ခြမ်းမှာ မူးယစ်တား အရပ်ဘက်အဖွဲ့တွေ ဆက်ဖွဲ့ဖို့လုပ်နေတယ်။ မူးယစ်ဆေးဝါးက လူငယ်တွေ တော်တော်များများ သုံးစွဲလာသလို နောက်ဆက်တွဲ တရားဥပဒေစိုးမိုးရေးကိုလည်း ထိပါးလာတာတွေ ရှိနေတယ်”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။
အချို့ဆေးရုံတွေမှာ မူးယစ်ဆေးစွဲနေသူတွေကို မက်သဒုံးဆေးတိုက်ကျွေးနေပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူအချို့က မက်သဒုံးဆေးလည်း လက်လွတ်မခံ၊ မူးယစ်ဆေးလည်း အလွတ်မပေးတဲ့ အနေအထားမျိုး ဖြစ်နေပြီး အမိန့်ရဆေးသမားတွေ ဖြစ်နေတဲ့အပြင် မက်သဒုံးတိုက်ကျွေးရာ ဌာနတွေက ဆေးသမားမွေးမြူရာဌာနကြီး ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးကတော့ ဆေးရုံသစ် တည်ဆောက်တာ၊ ဆေးရုံအဆင့်တိုးမြှင့်တာက ပြည်ထောင်စုအဆင့်ရဲ့ လုပ်ကိုင်ခွင့်ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ဆေးရုံသစ်တည်ဆောက်ခြင်းကို ရပ်နားပြီး ဝန်ထမ်းအင်အားတိုးချဲ့ဖို့ မူဝါဒ ချမှတ်ဆောင်ရွက်နေတဲ့အတွက် တည်ဆောက်ပေးနိုင်ခြင်း မရှိသေးဘူးလို့ လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများပြားတဲ့ဒေသမှာ မူးယစ်ဆေးဝါးကို ဖမ်းဆီး နှိမ်နင်းရုံနဲ့မရဘဲ မူးယစ်ဆေးဖြတ် ဆေးရုံတွေ တည်ဆောက်ပေးမှသာ လူငယ်တွေရဲ့ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေဖို့ စွမ်းဆောင်ပေးနိုင်မှာဖြစ်သလို လုပ်အားဆုံးရှုံးမှုတွေကိုလည်း တားဆီးနိုင်မှာဖြစ်ပါတယ်လို့ဆိုပါတယ်။
ဒါ့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်ခေါင်းဆောင်တွေဖြစ်တဲ့ လူငယ်တွေကို မူးယစ်နွံထဲကနေ ရုန်းထွက်နိုင်မှာလည်း ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။