A d v e r t i s e m e n t With Us

အိန္ဒိယတွင် ဦးနှောက်ပျက်စေသည့် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ၁၀ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဦးနှောက်ပျက်စေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အိန္ဒိယနိုင်ငံမှာ သေဆုံးသူ ၁၀ ဦး ရှိသွားပါပြီ။ သစ်သီးစားလင်းနို့တွေကနေ ကူးစက်တဲ့ တုပ်ကွေးနဲ့ လက္ခဏာဆင်တူပြီး ဦးနှောက်ကို ထိခိုက်စေတဲ့ ရှားပါး ဗိုင်းရပ်စ်တမျိုးကြောင့် အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ လူ ၁၀ ဦး သေဆုံးပြီးပြီလို့ ကျန်းမာရေးအရာရှိတွေက မေလ ၂၂ ရက်မှာ ပြောပါတယ်။ အနည်းဆုံး လူ ၉ ဦးကိုလည်း ဆေးကုသပေးနေရတယ်။ ဗိုင်းရပ်စ်အတွက် လူ ၁၈ ဦးကို စစ်ဆေးရာ ၁၂ ဦးမှာ ကူးစက်ခံထားရတာ တွေ့ရတယ်လို့ ဒေသန္တရ ဆေးကောလိပ်က လက်ထောက်ပါမောက္ခ အနီး တီအက်စ်က ပြောပါတယ်။ ကူးစက်မှုကို စုံစမ်းစစ်ဆေးဖို့ အစိုးရက ရောဂါထိန်းချုပ်ရေး အမျိုးသားဌာန အရာရှိအဖွဲ့ကို စေလွှတ်ထားပြီလို့ ကျန်းမာရေးနဲ့ မိသားစုဖူလုံရေး ဒု-ဝန်ကြီးက ပြောပါတယ်။ ကူးစက်ခံဒေသထဲက အစိုးရ အရာရှိတွေကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နဲ့ ဆက်သွယ်နေပြီလို့ WHO ရဲ့ အိန္ဒိယကိုယ်စားလှယ် ဟန့်ခ် ဘေခေဒမ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ ခန္ဓာကိုယ်ကနေထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်တဲ့ နီပါ ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး မရှိသေးပါဘူး။ ဒီရောဂါဟာ ဦးနှောက်ကို ရောင်ရမ်းစေတယ်လို့ WHO က ပြောထားပါတယ်။ ရောဂါပြန့်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကူးစက်ခံရသူတွေ ရေခပ်တဲ့ ကဲရာလာပြည်နယ်ထဲက ရေတွင်းထဲမှာ လင်းနို့တွေ အများအပြားရှိတာကို အခင်းဖြစ်နေရာ သွားရောက်စစ်ဆေးခဲ့တဲ့ ကျန်းမာရေးအရာရှိတွေက တွေ့ခဲ့ကြပါတယ်။ ကမ္ဘာ့ ဒုတိယ လူဦးရေအသိပ်သည်းဆုံးနိုင်ငံ အိန္ဒိယမှာ ကူးစက်ရောဂါ ပြန့်ပွားမှုဟာ စိန်ခေါ်မှုတရပ်ပါ။ ကပ်ဘေး စောင့်ကြည့်ထိန်းချုပ်ရေး စနစ်တွေ အားနည်းပြီး နှစ်စဉ် ခြင်ကတဆင့် ပေါက်ပွားတဲ့ ရောဂါတွေကြောင့် လူရာနဲ့ချီ သေဆုံးလေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up