Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
May 23, 2018
  ဒီတပတ်ရဲ့ Movie Crazy - DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန် တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး Sci Fi အမျိုးအစား ဟောလိဝုဒ်ရုပ်ရှင်ကားတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Future World လို့ အမည်ရပါတယ်။ ဒီကားကိုတော့ အမေရိကန်မင်းသား James Franco က ဒါရိုက်တာအဖြစ် ရိုက်ကူးထားခဲ့ပြီး သူကိုယ်တိုင်လည်း အဓိက သရုပ်ဆောင်တဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Milla Jovovich, မင်းသမီး Lucy Liu, အမေရိကန်ရက်ပ်ပါ Snoop Dogg နဲ့ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အနာဂတ် ကမ္ဘာပျက်ကာလမှာ  နာမကျန်းဖြစ်ပြီး သေလုဆဲဆဲ ဖြစ်နေတဲ့ မိခင်အတွက် ဆေးဝါးရှာဖွေတဲ့ လူငယ်လေးရဲ့ စွန့်စားခရီးစဉ်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆေးဝါးရှာဖွေဖို့အတွက် လူသူကင်းမဲ့ပြီး ပျက်စီးယိုယွင်းနေတဲ့ မြေကမ္ဘာခရီးရှည်ကို စွန့်စားထွက်ခွာလာချိန်မှာ ဘာတွေ ရင်ဆိုင်ရမလဲ။ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။ သူနဲ့အတူ ပူးပေါင်းပါဝင်လာမယ့်သူတွေကရော ဘယ်သူတွေ ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ကားထဲမှာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ စွန့်စားခရီးထွက်တဲ့ လူငယ် Prince နေရာမှာတော့ မင်းသား Jeffrey Wahlberg က ပါဝင်ထားပြီး သူနဲ့အတူ ပါလာတဲ့ Robot Ash နေရာမှာတော့ မင်းသမီး Suki Waterhouse က ပါဝင်ထားတာ ဖြစ်ပါတယ်။ မင်းသား James Franco ကတော့ The Warlord နေရာမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးမင်းသမီး Lucy Liu က နာမကျန်းဖြစ်နေတဲ့ The Queen အဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်း Dialog တွေ၊ တိုက်ခိုက်မှုတွေနဲ့ လိင်ပိုင်းပြကွင်းပြကွက်တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ Rated R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီကားကိုတော့ လာမယ့်မေလ ၂၅ ရက်နေ့မှာ ပြသသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒုတိယတကား မိတ်ဆက်ပြောပြချင်တာကတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဟောလိဝုဒ်ဇာတ်ကားကောင်းတကားပါပဲ။ Solo:A Star Wars Story လို့ အမည်ရပါတယ်။ စွန့်စွန့်စားစား ဇာတ်လမ်းတွေ ကြိုက်နစ်သက်ကြမယ့် Action Adventure အမျိုးအစား ရုပ်ရှင် ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Ron Howard က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ Star Wars Franchise ရဲ့ Character တခုဖြစ်တဲ့ Pilot Han Solo ရဲ့ စွန့်စားခန်းတွေကို ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ အရင်ကတော့ Han Solo နေရာမှာ မင်းသားကြီး Harrison Ford က ပါဝင်ခဲ့ဖူးပြီး ဒီကားထဲမှာတော့ မင်းသား Alden Ehrenreich က သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ တွဲဖက် Pilot ဖြစ်တဲ့ Chewbacca, Wookie တို့နဲ့အတူ ဘယ်လိုအခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ။ ဘာတွေ ကြုံလာမလဲဆိုတာကို ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုကြရမှာပါ။ တခြားသရုပ်ဆောင်တွေအနေနဲ့ ဒီကားထဲမှာ Co Pilot Chewbacca အဖြစ် မင်းသား Joonas Suotamo နဲ့အတူ မင်းသမီး Emilia Clarke, Thandie Newton တို့လည်း ပါဝင်ထား ကြပါတယ်။ ကြာမြင့်ချိန် ၁၃၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က 2018 Cannes Film Festival မှာ ပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရထားခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ Dialog တွေ၊ ကြမ်းတမ်းတဲ့ သရုပ်ဆောင် ပြကွင်းပြကွက်တွေ ကြောင့် အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုခွင့်ပြုတဲ့ PG-13 အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၂၅ ရက်နေ့မှ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။ တတိယတကား မိတ်ဆက်ပြောပြချင်တာကတော့ မြန်မာရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ‘လက်စားချေ နတ်သမီး’လို့ အမည်ရပြီး ဒီကားကိုတော့ Top One ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ဒါရိုက်တာ ညိုမင်းလွင်ဖြစ်ပြီး ဝင်းမြင့်ဦးက ဇာတ်ညွှန်းခွဲထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဂရိဒဏ္ဍာရီပုံပြင်ထဲက Angel of Vegeance ဆိုတဲ့ နတ်သမီးရဲ့ အစွမ်းကို အသုံးချတဲ့ ချစ်သူအကြောင်းကို ရိုက်ကူးဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ချစ်သူချင်း တခုခုကြောင့် လက်စားချေချင်ရင် ချစ်သူရဲ့ ဓာတ်ပုံကို နတ်သမီးရုပ်တုရဲ့ လက်ထဲကို ထည့်ပြီး ချစ်သူကို ဘာအတွက်ကြောင့် လက်စားချေချင်တယ်ဆိုတာကို ၃ ကြိမ် ၃ခါ ဆုတောင်းရတယ်၊ ယုံယုံကြည်ကြည် ဆုတောင်းရင်တော့ ချစ်သူကို လက်စားချေနိုင်တယ်လို့ အယူရှိကြပါတယ်။ ထူးထူးခြားခြား တင်ဆက်မှုတွေနဲ့ ရိုက်ကူးပြတတ်တဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဖန်တီးမှုတွေနဲ့ ဘယ်လိုပုံဖော်ထားမလဲဆိုတာကတော့ မကြာခင်မှာ ကြည့်ကြရတော့မှာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင် ဖြိုးငွေစိုး၊ သြဘာ၊ သက်မွန်မြင့်နဲ့ နန်းဆုဦးတို့က ခေါင်းဆောင် ပါဝင်ထားကြပြီး လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းအနေနဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါတော့ ထူးထူးခြားခြား ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ How Long Will I Love You လို့ အမည်ရပါတယ်။ ဒီကားကတော့ Mandarin စကားပြော တရုတ်ကားတကားဖြစ်ပြီး ဒါရိုက်တာ Lun Xu က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တိုက်တတိုက်တည်းမှာ အတူနေထိုင်ကြတဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး အိပ်ပျော်နေရာက နိုးလာကြချိန်မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးအချိန်တခုနဲ့ လက်ရှိကာလအချိန်ကြား ထူးဆန်းစွာ ပိတ်မိနေကြပြီး ကမောက်ကမဖြစ်ရတာတွေကို ဟာသဒရာမာဆန်ဆန် ရိုက်ကူးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ အရင်ပုံမှန် အချိန်တွေထဲကို အတူတူ ပြန်ရောက်နိုင်ကြမလား ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jia Ying Lei နဲ့ Li Ya Tong တို့က ဦးဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အင်္ဂလိပ်လို Subtitle ထိုးထားပေးတာ ဖြစ်ပြီး လာမယ့် မေလ ၂၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားတာပါ။ နောက်ဆုံး မိတ်ဆက်ပြောပြချင်တဲ့ ဇာတ်ကားကတော့ Mary Shelley လို့ အမည်ရပါတယ်။ စာပေမှာ အင်အားအရှိန်အဝါကြီးခဲ့တဲ့ Gothic Novel အမျိုးအစား Frankenstein ဝတ္ထုကို ရေးသားခဲ့တဲ့ English စာရေးဆရာမကြီး Mary Shelley ရဲ့ အချစ်နဲ့ ဘဝ ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ ဒီကားကိုတော့ ဆော်ဒီအာရေးဗီးယား အမျိုးသမီး ဒါရိုက်တာ Haifaa al-Mansour က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ Mary Shelley ရဲ့ အချစ်ဦးဖြစ်တဲ့ နာမည်ကြီး ကဗျာဆရာ Percy Bysshe Shelley နဲ့ အချစ်ရေးအကြောင်းတွေ အပါအဝင် ဘဝဖြတ်သန်းမှုတွေကိုပါ ဒီရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်ကောင် Mary Shelley နေရာမှာတော့ မင်းသမီး Elle Fanning က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး မင်းသား Douglas Booth, Ben Hardy တို့လည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွင်းပြကွက်တွေနဲ့ Dialog တွေ ပါနေတာမို့ ဒီကားကို အသက် ၁၃ နှစ်အောက် ကလေးငယ်တွေအနေနဲ့ မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်မရှိဘဲ မကြည့်သင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီကားဟာ Romantic Period Drama ရုပ်ရှင်အမျိုးအစားဖြစ်ပြီး မနှစ်က Toronto International Film Festival မှာ ကနဦး ပြသခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၂၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မေလ ၂၅ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy - DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇ နာရီ ၃၀ မိနစ်မှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉ နာရီ ၃၀ မိနစ်၊ စနေနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်နဲ့ တနင်္ဂနွေနေ့မနက် ၉ နာရီ ၁၅ မိနစ်တို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy - DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီးတော့ အားပေးနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024