ကမ္ဘာကျော် တပ်ခ်ျမဟာအဆောက်အဦ ယိုယွင်းလာမှု ထိန်းသိမ်းရန် တောင်းဆို

ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယနိုင်ငံတွင်း လေထုညစ်ညမ်းမှုကြောင့် အထင်ကရ တပ်ခ်ျမဟာအဆောက်အဦ ယိုယွင်းလာနေလို့ အစိုးရက ပြုပြင်ထိန်းသိမ်းဖို့ သမိုင်းပညာရှင်တွေနဲ့ ဒေသခံ ဧည့်လမ်းညွှန်တွေက တောင်းဆိုနေကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံး တာ့ခ်ျမဟာ စကျင်ကျောက်သားဖြူ ဗိမာန်ရဲ့ နံရံတွေမှာ ဝါကျင့်ကျင့်အရောင် သန်းလာခဲ့လို့ ခုလိုတောင်းဆိုနေတာပါ။ ၁၇ ရာစုနှစ်က အင်ပါယာဘုရင် ရှားဂျာဟန်က သူ့မိဖုရား မမ်တာ့ခ်ျမဟာအတွက် အမှတ်တရ တည်ဆောက်ခဲ့တဲ့ နန်းတော်ကို တော်ဝင်အနွယ်တွေနဲ့ ရုပ်ရှင်ငွေကြယ်ပွင့်တွေ အပါအဝင် သန်းနဲ့ချီတဲ့လူတွေ နှစ်စဉ် လာရောက်လည်ပတ်လေ့ ရှိပါတယ်။ ဒါပေမယ့် ဆင်စွယ်ရောင် စကျင်ကျောက်သားနံရံတွေ အဝါရောင်သန်းလာခဲ့လို့ နိုင်ငံခြား ခရီးသွားဧည့်သည် လည်ပတ်မှု ကျဆင်းခဲ့တယ်လို့ ဒေသခံ ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌက ပြောပါတယ်။ တာ့ခ်ျမဟာဗိမာန် အရောင်ပြောင်းပြီး ပိုညစ်ညမ်းလာတဲ့ အဓိက အကြောင်းရင်းတွေထဲက တခုဟာ ဗိမာန်ဘေးက ယမုံနာမြစ်ရေ ခန်းလာလို့ မြစ်ထဲက ညစ်ညမ်းမှုတွေကြောင့် အင်းဆက်တွေတိုးလာပြီး အင်းဆက်တွေက စွန့်ထုတ်တဲ့ အညစ်အကြေးတွေနဲ့ လေထုထဲက မသန့်စင်မှုတွေ ပေါင်းပြီး တာ့ခ်ျမဟာကို စွန်းထင်းစေခဲ့တာလို့ ပညာရှင်တွေက ပြောပါတယ်။ မြို့တွင်းလမ်းတွေထဲမှာ ပိတ်ဆို့နေတဲ့ ကားပေါင်းစုံက ထွက်သမျှ မီးခိုးတွေကလည်း အခြေအနေကို ပိုဆိုးစေခဲ့ပါတယ်။ တာ့ခ်ျမဟာရဲ့ နဂိုအရောင်ကို ပြန်ရအောင် အမြန်လုပ်ဖို့ တရားရုံးချုပ်က အစိုးရကို ညွှန်ကြားထားပါတယ်။ တကယ်လို့ အာဏာပိုင်တွေဆီမှာ ပညာရှင်မရှိရင် နိုင်ငံခြား အကူအညီ ယူသင့်တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိပ်တန်းရှေ့နေ အမ်စီမေတာက ပြောပါတယ်။ ဗိမာန်တည်ရှိရာ အဂ္ဂရာမြို့မှာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း လေထုညစ်ညမ်းမှု သိသိသာသာ တိုးလာခဲ့ပါတယ်။ မြို့ဟာလည်း ဒီနှစ်စောပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ စာရင်းအရ ကမ္ဘာ့လေထု ညစ်ညမ်းမှု အများဆုံး အဆင့် ၈ ကို ရောက်ခဲ့ပါတယ်။ အခုတော့ အိန္ဒိယ ဗိသုကာစစ်တမ်းအဖွဲ့ ASI က ပညာရှင်တွေဟာ ရွှံ့စေးတွင်းထွက် တမျိုးရဲ့ အနှစ်ကိုသုံးပြီး စကျင်ကျောက်သားတွေကို သန့်ရှင်းရေး လုပ်နေပါတယ်။ ဒါပေမယ့် ဒီလုပ်ရပ်ဟာ စကျင်ကျောက်သားတွေ ဆွေးမြည့်ပျက်စီးတာ မဖြစ်အောင် ထိထိရောက်ရောက် မဟန့်တားနိုင်ဘူးလို့ ဝေဖန်သူတွေက ပြောနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up