ဦးဥာဏ်ဝင်းအမှု စတင်ကြားနာစစ်ဆေး
ပီတာအောင်
·
June 26, 2012
ပြီးခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဆန္ဒမဲ လက်မှတ်တွေမှာ မဲ ဖယောင်းသုတ်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ရဲ့ ဗဟိုအောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားတဲ့အမှု ဒီနေ့ စတင်ကြားနာ စစ်ဆေးပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကိုယ်စား ကော်မရှင်ညွှန်မှူး ဦးသောင်းလှိုင်က အန်အယ်လ်ဒီက ဦးဥာဏ်ဝင်းကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ မမှန်သတင်းပေးမှုနဲ့ တရားစွဲထား တာဖြစ်ပြီး ဒီအမှုကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ မြို့နယ်တရားသူကြီး ဦးမြသိန်းနဲ့ အဖွဲ့က စတင်ကြားနာစစ်ဆေးတာပါ။
တရားခွင်မှာ တရားလိုတွေကို စတင် စစ်ဆေးတာဖြစ်ပြီး အမှုစစ်ဆေးတာ မပြီးသေးတဲ့အတွက် လာမယ့် ဇူလိုင် ၆ ရက်နေ့မှာ အမှုဆက်စစ်ဖို့ ရုံးချိန်းပြန်ပေးထားတယ်လို့  ဦးဥာဏ်ဝင်းရဲ့ ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။
“ဦးဥာဏ်ဝင်းအမှုကို ဒီနေ့တရားလို စစစ်တယ်။ တရားလိုစစ်ပြီး တရားလို အဓိကထွက်ချက်ပြီးတော့ ပြန်လှန်မေးခွန်း မေးတယ်။ ပြန်လှန်မေးခွန်း မေးတာက ရုံးချိန်ကုန်တော့ မပြီးတာနဲ့ ကျနော်တို့ ၆ ရက်နေ့ကို ပြန်ချိန်းထားတယ်၊ မဲပြားပေါ်မှာ ဖယောင်းသုတ်တာ ဦးဥာဏ်ဝင်း က မမှန်သတင်းပို့တယ်ဆိုပြီး တရားစွဲတာပါ။ ကျနော်တို့ကတော့ အစောကြီးကတည်းက ပြင်ထားပြီးသား၊ ကျနော်တို့ မမှန်သတင်း လုံးဝမပေးဘူး၊ ငြင်းဆိုတယ်။ သက်သေတွေတော့ အများကြီးပဲ။ တရားလိုဘက် က သက်သေတွေ၊ ၉ ယောက်လောက်ရှိတယ်။ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးရယ်၊ အဖွဲ့ဝင်တွေရယ်ပါတယ်။ တိုင်းနဲ့ပြည်နယ် ကော်မရှင် အဖွဲ့က ကော်မရှင်အဖွဲ့ဝင်တွေ ပါတယ်။”
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်က မဲဆန္ဒရှင်စာရင်း ကွာဟမှုတွေနဲ့ မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးတဲ့အခါ အမှတ်အသား ရေးခြစ်ဖို့ အခက်အခဲဖြစ်အောင် ဖယောင်းသုတ်လိမ်းမှုတွေ ရှိခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲကော်မရှင်ကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဖယောာင်းသုတ်မှု ဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အခုလို ဦးဥာဏ်ဝင်းကို တရားစွဲဆိုခဲ့တာပါ။
ဒီအမှုကို အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင်တော့ ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ဒဏ်ငွေကျခံရ နိုင်တယ်လို့ ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။