Home
မြန်မာသတင်း
၂၀၁၈ ကမ္ဘာ့ဖလားအကြောင်း တစေ့တစောင်း
DVB
·
May 21, 2018
လာမယ့်ဇွန် ၁၄ ရက်ကစပြီး ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းမယ့် ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ  ၂၁ ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်က  နိုင်ငံကိုယ်စားပြု ဘောလုံး အသင်းပေါင်း ၃၂ သင်းပါဝင်ပြီး လာမယ့်ဇွန် ၁၄ ရက်ကနေ ၁၅ ရက်အထိ ရုရှားနိုင်ငံရဲ့ မြို့ကြီး ၁၁ မြို့က ကွင်း ၁၂ ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီပြိုင်ပွဲအတွက် အဆင့်ဆင့်ကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်လာတဲ့ အသင်း ၃၂ သင်း ကို အသင်း ၄ သင်းပါဝင်တဲ့ အုပ်စု ၈ ခုခွဲခြားပြီး ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီပြိုင်ပွဲဟာ လေးနှစ်မှာ တကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တာနဲ့အညီ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာနဲ့ တန်ဖိုးအရှိဆုံးပြိုင်ပွဲဖြစ်တာကြောင့် ကမ္ဘာတ၀န်းက ဘောလုံးပရိသတ်တွေ လက်မလွတ်စတမ်း စောင့်ကြည့်ကြတဲ့ အကြီးကျယ်ဆုံး ပြိုင်ပွဲလည်းဖြစ်ပါတယ်။ အိမ်ရှင်လျှောက်ထားမှု ရုရှားနိုင်ငံဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့်ရဖို့အတွက် ၂၀၀၉ ခုနှစ်ကတည်းက စတင်ကြိုးပမ်းခဲ့တာပါ။ နောက်ဆုံးအဆင့် မဲခွဲဆုံးဖြတ်ရာမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင် ကော်မတီ ၂၂ ဦးက ရွေးချယ်ထားတာဖြစ်ပြီး ပထမအဆင့်မဲခွဲရာမှာ ရုရှားက ၉မဲ၊ ပေါ်တူဂီနဲ့စပိန်က ၇မဲ၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်က ၄ မဲ၊ အင်္ဂလန်က ၂ မဲရခဲ့ပါတယ်။ ဒုတိယနဲ့ နောက်ဆုံးအဆင့် မဲခွဲရာမှာတော့ အင်္ဂလန်က နုတ်ထွက်သွားပြီး ရုရှားက ၁၃ မဲရခဲ့လို့ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်။ အိမ်ရှင် ရုရှားနိုင်ငံအကြောင်း ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျယ်ဆုံးနိုင်ငံဖြစ်ပြီး ဧရိယာ ၆,၆၁၂,၁၀၀ စတုရန်းမိုင်ကျယ်ဝန်းပါတယ်။ လူဦးရေ ၁၄၁ သန်းခန့်ရှိပြီး ရုရှားလူမျိုး ၈၁ ရာခိုင်နူန်းနဲ့ တာတာ၊ ယူကရိန်း၊ ဘက်ခ်ျခါ၊ ချူဗက်ခ်ျ၊ ချေချင်း စတဲ့လူမျိုးစုတွေလည်း နေထိုင်ပါတယ်။ နိုင်ငံရဲ့မြို့တော်က မော်စကိုဖြစ်ပြီး အကြီးဆုံးနဲ့ လူသိများ အထင်ရှားဆုံးမြို့လည်းဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ရေခဲမှတ်အောက်ကျတဲ့အထိ အေးမြတဲ့ရာ သီဥတုရှိပေမယ့် ပြိုင်ပွဲကစားမယ့် ဇွန်နဲ့ဇူလိုင်လတွေရဲ့ ပျမ်းမျှအပူချိန်က ၁၆ ကနေ ၁၉ ဒီဂရီ ဆဲလ်စီယပ်စ်အထိ ရှိပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း၊ လက်နက်ထုတ်လုပ်ရေးစက်ရုံ၊ လေယာဉ်တည်ဆောက်ရေးစက်ရုံ၊ ပို့ဆောင်ဆက်သွယ်ရေး၊ နည်းပညာ၊ ၀န်ဆောင်မှုလုပ်ငန်း စတဲ့ လုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြပါတယ်။ ကမ္ဘာ့ဖလားသမိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ပြည့်နှစ်က အသင်း ၁၃ သင်းနဲ့ ဥရုဂွေးနိုင်ငံမှာ စတင်ကျင်းပခဲ့တာပါ။ ပထမဆုံးပြိုင်ပွဲမှာ အိမ်ရှင်ဥရုဂွေးက အာဂျင်တီးနားကို ၄ ဂိုး ၂  ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ ဖလား ပထမဆုံးရရှိတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။ လေးနှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ၁၉၃၄ ခုနှစ်ပြိုင်ပွဲမှာတော့ အသင်းအရေအတွက် ၁၆ သင်းအထိ တိုးမြှင့်လိုက်ကာ  ခြေစစ်ပွဲအဆင့်ကိုလည်း ပထမဆုံးအကြိမ်ထည့်သွင်းခဲ့ပါတယ်။ ၁၉၄၂ နဲ့ ၁၉၄၆ ခုနှစ်တွေမှာတော့ ဒုတိယကမ္ဘာ့စစ်နဲ့ကြုံတွေ့ခဲ့ရလို့ ပြိုင်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ ၁၉၅၀ ပြည့်နှစ်မှာ ပြန်လည်ကျင်းပခဲ့ပြီး စပိန်နိုင်ငံမှာ ကျင်းပတဲ့ ၁၉၈၂ ခုနှစ်ပြိုင်ပွဲမှာတော့ အသင်းအရေအတွက်၂၄ သင်းအထိ တိုးမြှင့်ကျင်းပခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ ၁၉၉၈ ခုနှစ်ပြိုင်ပွဲမှာတော့ အခုလက်ရှိကျင်းပနေတဲ့အတိုင်း အသင်းအရေအတွက် ၃၂ သင်းအထိ တိုးမြှင့်ကျင်းပခဲ့ပါတယ်။ အအောင်မြင်ဆုံးအသင်း ကမ္ဘာ့ဖလားသမိုင်းမှာ အအောင်မြင်ဆုံးအသင်းက ဘရာဇီးအသင်းဖြစ်ပြီး ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နဲ့ ၂၀၀၂ ခုနှစ်ပြိုင်ပွဲ ငါးကြိမ်မှာ ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပါတယ်။ ဒုတိယ အအောင်မြင်ဆုံးအသင်းက ဂျာမနီအသင်းဖြစ်ပြီး ချန်ပီယံဆုဖလား လေးကြိမ် (၁၉၅၄၊၁၉၇၄၊၁၉၉၀ ၊၂၀၁၄)၊ ဒုတိယလေးကြိမ်နဲ့ တတိယလေးကြိမ်အထိ ရယူနိုင်ခဲ့တာပါ။ ဂျာမနီရဲ့ နောက်မှာ အီတလီလည်း ချန်ပီယံလေးကြိမ် (၁၉၃၄၊၁၉၃၈၊၁၉၈၂၊ ၂၀၀၆) ရရှိထားပြီး ဒုတိယနှစ်ကြိမ်၊ တတိယတကြိမ်ရယူနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲကစားမယ့်ကွင်းများ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရုရှားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မော်စကိုမြို့၊ စိန့်ပီတာစ်ဘက်ခ်ျ၊ ဆိုချီ၊ ဆာမာရာ၊ ကာဇန်၊ ရော့စ်တော့ဗ်၊ ဗော်ဂိုဂရတ်ဒ်၊ နစ်ဇ်နီနော့ဗ်ဂိုရော့ဒ်၊ ဆာရာနက်ခ်၊ ရက်ခ်ကီတာရင်ဘတ်ခ်ျ၊ ကလီနင်ဂရက် ဆိုတဲ့မြို့ကြီး ၁၁ မြို့ ကွင်း ၁၂ ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကျင်းပမယ့်ကွင်းက မော်စကိုက လုဇ်နီကီကွင်းဖြစ်ပြီး ၈၁၀၀၀ ၀င်ဆံ့ပါ တယ်။ ကွင်းအများစုက ပရိသတ် ၄၅၀၀၀ ခွဲခန့် ၀င်ဆံ့တဲ့ကွင်းတွေဖြစ်ပြီး ကလီနင်ဂရက်ကွင်း ကတော့ ပရိသတ် ၃၅၂၁၂ ၀င်ဆံ့ပြီး အငယ်ဆုံးကွင်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲမှာကိုင်တွယ်မယ့် ဒိုင်လူကြီးများ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ကွင်းလယ်ဒိုင်လူကြီး ၃၆ ဦးနဲ့ လက်ထောက်ဒိုင်လူကြီး ၆၃ ဦး ကို ရွေးချယ်ချယ်ထားပါတယ်။ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ VAR(Video Assistant Referees) လို့ခေါ်တဲ့ ဗွီဒီယိုကိုပြန်ကြည့်ပြီး ဆုံးဖြတ်မယ့် စနစ်သစ်ကို ပထမဆုံးအကြိမ် အသုံးပြုမှာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာအသုံးပြုမယ့် ဘောလုံး ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာ အသုံးပြုမယ့် ဘောလုံးကို အက်ဒီးဒက်စ်ကုမ္ပဏီက ထုတ်လုပ်ထားပါတယ်။ Telstar 18 လို့ နာမည်ပေးထားတဲ့ ဒီဘောလုံးရဲ့ဒီဇိုင်းဟာ ၁၉၇၀ ပြည့်နှစ်က ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ Telstar နဲ့  ၁၉၇၄ ခုနှစ်ထုတ် Telstar Durast တို့ကို အခြေခံပြီး ထုတ်လုပ်ပ်ခဲ့တာပါ။ နောက်ဆုံးပေါ်နည်းပညာတွေ ပါဝင်ပြီး ရှေးကျတဲ့ အမည်းရောင် ဘောင်ကွတ် ဒီဇိုင်းနဲ့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ Telstar ဆိုတာ ရုပ်မြင်သံကြားရဲ့ ကြယ်ပွင့်များလို့ အဓိပ္ပာယ်ရပြီးတော့ အဖြူအမည်း TV ဒီဇိုင်းကို အခြေခံကာ  အဖြူရောင်ဘောလုံးပေါ်မှာ အမည်းရောင်အကွက်လေးတွေ ထည့်ထားတဲ့ ဒီဇိုင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားရဲ့လာဘ်ကောင်ရုပ် ၂၀၁၈ ခုနှစ် ရုရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် လာဘ်ကောင်ရုပ်ကတော့ ဇာဘီဗာကာလို့ခေါ်တဲ့ ဝံပုလွေလေးပဲ ဖြစ်ပါတယ်။ ဇာဗီဘာကာဟာ ပျော်ရွှင်ခြင်း၊ နှစ်လိုဖွယ် ကောင်းခြင်းနဲ့ ယုံကြည်မှုရှိခြင်းတို့ကိုကိုယ်စားပြုပါတယ်။ ရုရှားလို ဂိုးသွင်းသူလို့အဓိပ္ပါယ်ရတဲ့ ဇာဘီဗာကာကို ရုရှားနိုင်ငံသား ၁ သန်းကျော်ရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခဲ့တာဖြစ်ပြီးတော့ ဆန်ကာတင်ရွေးချယ်ထားခဲ့တဲ့ ကြောင်ရုပ်နဲ့ ကျားရုပ်တို့ကို ကျော်ဖြတ်ပြီး အရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနှင့်အသင်းများ အုပ်စု (A) ရုရှား၊ဆော်ဒီအာရေဗျ၊အီဂျစ်၊ဥရုဂွေး အုပ် (B) ပေါ်တူဂီ၊စပိန်၊မော်ရိုကို၊အီရန် အုပ်စု(C) ပြင်သစ်၊သြစတြေးလျ၊ပီရူး၊ဒိန်းမတ် အုပ် (D) အာဂျင်တီးနား၊အိုက်စလန်၊ခရိုအေးရှား၊နိုင်ဂျီးရီးယား အုပ်စု (E) ဘရာဇီး၊ဆွစ်ဇာလန်၊ကော်စတာရီကာ၊ဆားဘီးယား အုပ်စု (F) ဂျာမနီ၊မက္ကဆီကို၊ဆွီဒင်၊တောင်ကိုရီးယား အုပ်စု (G) ဘယ်လ်ဂျီယံ၊ပနားမား၊တူနီးရှား၊အင်္ဂလန် အုပ်စု (H) ပိုလန်၊ဆီနီဂေါ၊ကိုလံဘီယာ၊ဂျပန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024