ကချင်လူငယ်ခေါင်းဆောင် ၂ ဦး၏ အမှုတွဲချေဖျက်ရန် လျှောက်ထားမည်
DVB
·
May 21, 2018
တပ်မတော်ကို အထင်အမြင်လွဲအောင် ပြောဆိုခဲ့တယ်ဆိုပြီး အသရေဖျက်မှုနဲ့ တရားစွဲခံနေရတဲ့ ကချင်လူငယ်ခေါင်းဆောင် ၂ ဦးက သူတို့အပေါ် စွပ်စွဲချက်တွေဟာ မှန်ကန်မှု မရှိတာကြောင့် ပြည်နယ်တရားလွှတ်တော်ကို အမှုတွဲချေဖျက်ပေးဖို့ လျှောက်ထားမယ်လို့ ရှေ့နေက ပြောပါတယ်။
အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ စွပ်စွဲခံရသူ သုံးဦးအနက် ကိုလွမ်းဇောင်းနဲ့ ကိုဇော်ဂျက်တို့ရဲ့ ရှေ့နေ ဦးမုန်ဆိုင်းတူးက မြစ်ကြီးနားမြို့နယ် တရားရုံးမှာ အမှုနဲ့ပတ်သက်ပြီး တစုံတရာ စစ်ဆေးခြင်းမပြုခင် ကချင်ပြည်နယ်တရားလွှတ်တော်ကို အခုအပတ်အတွင်း လျှောက်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“မနက်ဖြန်လည်း လျှောက်ဖြစ်ကောင်း လျှောက်ဖြစ်ပါလိမ့်မယ်။ အဓိကကတော့ စွပ်စွဲချက်တွေက မမှန်လို့ပေါ့။ အဲ့ဒါကြောင့် အောက်တရားရုံးက စစ်ဆေးခြင်းမပြုသေးခင်မှာ အပေါ်ရုံးကို လျှောက်တာဖြစ်ပါတယ်”လို့ ရှေ့နေ ဦးမုန်ဆိုင်းတူးက ပြောပါတယ်။
ဒီနေ့မေ ၂၁ ရက်မှာတော့ ပထမအကြိမ် ရုံးချိန်းမှာ ခရီးလွန်နေတဲ့ စွပ်စွဲခံရသူ ဒေါ်နန်ပူက အာမခံလျှောက်ထားခဲ့ပြီး အာမခံပေးနိုင်တဲ့ ပုဒ်မလည်းဖြစ်တာကြောင့် မြစ်ကြီးနားမြို့နယ် တရားသူကြီးက ငွေကျပ်ငါးသိန်းနဲ့ အာမခံလျှောက်ထားမှုကို ခွင့်ပြုခဲ့ပါတယ်။
“ကျမကို စွပ်စွဲတာကတော့ ကျမက သတင်းစာရှင်းလင်းပွဲမှာ ပိတ်မိပြည်သူတွေကို ပိတ်ထားတာ တပ်မတော်ပါ၊ ပိတ်မိပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်တာ အဲဒီ နှစ်ချက်ပေါ့။ ပြည်သူကို အထင်လွဲအောင် လုပ်တာမဟုတ်ပါဘူး။ ပြည်သူတွေ တကယ်ပိတ်မိခံနေရတာ၊ နှိပ်စက်ခံနေရတာကို ကမ္ဘာသိအောင် ပြောတာပေါ့။ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာက တပ်မတော်ကို ရည်ရွယ်တာလည်း မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ပိတ်မိနေတဲ့ အခြေအနေကို ပေါ်စေချင်လို့ပြောတာ ဖြစ်ပါတယ်”လို့ ဒေါ်နန်ပူက ပြောပါတယ်။
ဒုတိယအကြိမ် ရုံးချိန်းမှာ စွပ်စွဲခံရသူ မနန်ပူဘက်က ရှေ့နေငှားရမ်းထားခြင်း မရှိသေးတဲ့ အတွက် အမှုကို စတင်စစ်ဆေးခြင်းမပြုဘဲ မေ ၂၈ ရက်ကို မြို့နယ်တရားသူကြီးကို ပြန်လည် ချိန်းဆိုခဲ့ပြီး အမှုကို စတင်စစ်ဆေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။ မနန်ပူဘက်က အမှုတွဲချေဖျက်ဖို့ လျှောက်ထားခြင်း ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
ကချင်လူငယ်ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်နဲ့ မနန်ပူတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုလုပ်ကာ တရားစွဲဆိုထားတာဖြစ်ပြီး လာမယ့်ရုံးချိန်းမှာ တရားလိုကို စတင်စစ်ဆေးတော့မှာလည်း ဖြစ်ပါတယ်။
ပိတ်မိပြည်သူတွေ လွတ်မြောက်ဖို့နဲ့ ပတ်သက်ပြီး ဆန္ဒပြ တောင်းဆိုခဲ့တာကြောင့် ကချင် လူငယ်ထုသပိတ်စခန်းက တာဝန်ခံနှစ်ယောက်ဖြစ်တဲ ကိုလွမ်းဇောင်းနဲ့ မဆွတ်ဆိုင်းထွယ်တို့ကိုလည်း မြစ်ကြီးနားမြို့နယ်ရဲမှူးက ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့ပြီး မြို့နယ်တရားရုံးက ဒဏ်ငွေသုံးသောင်းစီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
သတင်း - ရဲမွန်