အိုင်ယာလန်နိုင်ငံမှာ အဓမ္မပြုကျင့်ခံရပြီးနောက် အုတ်ခဲတွေ တုတ်တွေနဲ့ ရိုက်သတ်ခံခဲ့ထားရတဲ့ ဆယ်ကျော်သက် အန်နာစတာဆီယာကရီဂယ်ရဲ့အလောင်းကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။
အသက် ၁၄ နှစ်အရွယ် မိန်းကလေး ပျောက်နေတယ်လို့ မိသားစုအကြောင်းကြားပြီး ၃ ရက်အကြာမှာ မိန်းကလေးရဲ့ အဝတ်မပါတဲ့ အလောင်းကို အိုင်ယာလန်က မသုံးတော့တဲ့ လယ်တောအိမ်ထဲမှာ မေလ ၁၇ ရက်နေ့က တွေ့ခဲ့တယ်လို့ သိရပါတယ်။
ရဲတွေက မိန်းကလေး အဓမ္မပြုကျင့်ခံရတယ်လို့ သတ်မှတ်ပြီး အာဏာပိုင်တွေက လူသတ်မှုဖြစ်တဲ့နေရာမှာ တွေ့တဲ့ ဒီအန်အေက မိန်းကလေးကို သတ်တဲ့သူကို ဖော်ထုတ်ရာမှာ အထောက်အကူပြုဖို့ မျှော်လင့်နေကြပါတယ်။
သူမဟာ ကေလ်ဒဲကောင်တီ လေ့စ်လစ်ပ်မြို့ အိမ်ကနေ မေလ ၁၄ ရက်နေ့က ထွက်ခွာသွားပြီးနောက် အဲဒီညမှာပဲ အသတ်ခံရတာဖြစ်မယ်လို့ ရဲတွေက ယူဆနေကြပါတယ်။
ခွဲစိတ်စစ်ဆေးမှုတွေအရ အန်နာက တုံးတိတဲ့ အရာတွေနဲ့ သေတဲ့အထိ ရိုက်ခံရပြီး ရက်ရက်စက်စက် သေဆုံးခဲ့ရတာလို့ ခွဲစိတ်ဆရာဝန်က ပြောပါတယ်။
ပျက်စီးနေတဲ့ လယ်တောအိမ်ထဲက သွေးစွန်းနေတဲ့ အုတ်တွေနဲ့ တုတ်ချောင်း တော်တော်များများကို ရဲတွေက ယူခဲ့ပြီး အဲဒါတွေကို စစ်ဆေးရင် လူသတ်သမားရဲ့ သတ်ခဲ့တဲ့ လက်နက်ကို သိနိုင်မယ်လို့ ရဲတွေက ဆိုပါတယ်။
သူမ နောက်ဆုံး အသက်ရှင်တာကို တွေ့ခဲ့ရတဲ့ လူတွေထဲက လူငယ် ၂ ဦးကို ရဲတွေက မေးမြန်းရာမှာ ပန်းခြံမှာတွေ့ပြီးတဲ့နောက် သူတို့ ၂ ဦး အိမ်ပြန်ခဲ့ပြီး အန်နာ ဘယ်ကိုသွားလဲဆိုတာ မသိဘူးလို့ ပြောပါတယ်။
ရဲတွေကတော့ ပန်းခြံထဲက သူမ ပျောက်သွားချိန်မှာ သူမ တယောက်တည်း ဆိုတာ မဟုတ်နိုင်ဘူးလို့ ယူဆနေပြီး သူမရဲ့နောက်ဆုံး လှုပ်ရှားမှုနဲ့ ဘယ်သူနဲ့ ရှိခဲ့လဲဆိုတာကို စုံစမ်းနေကြပါတယ်။
မိသားစုရဲ့ မိတ်ဆွေဖြစ်တဲ့ ဒေသခံလွှတ်တော်အမတ် ကက်သရင်းမာဖီက အန်နာက စကားနည်းတဲ့ မိန်းကလေး၊ အပြစ်ကင်းတဲ့ ကလေးတယောက် ဖြစ်တယ်လို့ ပြောပါတယ်။
ရဲအရာရှိ ဂျွန်ဂေါ်ဒွန်က အဲဒီညက စောင့်ကြည့်ရုပ်သံ မှတ်တမ်းရှိတဲ့ ဘယ်သူမဆို အကြောင်းကြားဖို့ မေတ္တာရပ်ခံထားပြီး မေ ၁၉ ရက်နေ့ညမှာတော့ လူသတ်မှုဖြစ်ရာနေရာကို ကြိုးတွေနဲ့ တားထားသလို အာဏာပိုင်တွေက အန်နာရဲ့ဖုန်းနဲ့ လူမှုကွန်ရက်အကောင့်ကိုလည်း စစ်ဆေးနေတယ်လို့ သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။