စီအိုင်ဒီရဲမှူး အောင်ကျော်ဆန်းကို တရားလိုပြသက်သေအဖြစ် ရုံးထုတ်စစ်ဆေး
DVB
·
May 21, 2018
နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးအမှုကို ဒီကနေ့မနက် ၁၉ ကြိမ်မြောက် ရုံးထုတ်ရာမှာ ရဲမှူး အောင်ကျော်ဆန်းကို ၂၀ ယောက်မြောက် တရားလိုပြသက်သေအဖြစ် စစ်ဆေးနေပါတယ်။
ရဲမှူးအောင်ကျော်ဆန်းဟာ နေပြည်တော်ရဲမှုခင်းတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာန (စီအိုင်ဒီ နည်းပညာဌာန)က ဖြစ်တယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက သိရပါတယ်။
ဒီအမှုကို ရဲတပ်ဖွဲ့ကနေ တရားလိုလုပ်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲဆိုထားတဲ့အမှုဖြစ်ပြီး တရားလိုပြ သက်သေအဖြစ် ၂၅ ယောက် အထိ တင်သွင်းထားတာဖြစ်ပါတယ်။
အခုလက်ရှိအချိန်မှာတော့ တရားလိုပြသက်သေတွေဖြစ်တဲ့ အဲဒီ ၂၅ ယောက်ထဲက ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်း ဥပဒေနဲ့ ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ပြီး မှုခင်းမှတ်တမ်းအဖွဲ့က ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကိုတော့ ရဲတပ်ဖွဲ့ကနေ အမြဲတမ်း ထုတ်ပယ်ထားလိုက်ပြီ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။