ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဖမ်းမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမည်
နန်းမြနဒီ
·
June 25, 2012
ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီက ဖမ်းဆီးရမိထားတဲ့ ထိုင်းဘတ်ငွေသန်း ၃၀ ဖိုး လောက်တန်တဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ပြောကြားလိုက်ပါတယ်။
[caption id="attachment_27095" align="alignleft" width="300" caption="ထိုင်းနိုင်ငံကချီးမြှင့်သော ရွှေလင်းယုန်တံဆိပ်ဆု"][/caption]
ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့မှာ မီးရှို့ဖျက်ဆီးမှာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ထဲက ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေ တနေရာမှာ ပြုလုပ်မှာဖြစ်ပါတယ်။
မီးရှို့ဖျက်ဆီးမယ့် မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဓာတုဆေးရည်တွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရေး ကိရိယာ တန်ဆာပလာတွေ ပါဝင်တယ်လို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းက တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီမူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်ထဲက မူးယစ်ဆေးဝါးကုန်သည် ၈၀ ဦးနဲ့ လဲချားမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ဗိုလ်ကာလိန်ထွဲ့ ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေကနေ ဖမ်းဆီးရမိထားတာလို့ ဆိုပါတယ်။
အစိုးရနဲ့ အပစ်အခတ်ရပ်ပြီးတဲ့နောကိပိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
“အစိုးရနဲ့အတူ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ စီမံကိန်းတွေ ရှိပါတယ်။ ကျနော်တို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ မူးယစ်ဆေးဝါး ပြဿနာကို အဓိကထားပြီးတော့ အစိုးရတွေကို တင်ပြထားပါတယ်။ တိုက်ဖျက်တဲ့နည်းလမ်းတော့ အများကြီးရှိပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သုံးပြီးတော့ တိုက်ဖျက်တာမျိုးကို ကျနော်တို့ အာရ်စီအက်စ်အက်စ်က အဓိကထားပြီး ဆွေးနွေးပါတယ်။ ၆ နှစ်စီမံကိန်း ဖြစ်ပါတယ်။”
ရှမ်းပြည်နယ်ထဲမှာ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ရေး လုပ်ငန်းတွေ နှစ်စဉ် တိုးပွားလာတာဟာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တိုင်းပြည် စီးပွားရေး အကျပ်အတည်းကြောင့်ဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်လာရင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု နည်းပါးလာနိုင်တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
အက်စ်အက်စ်အေအဖွဲ့ ဟာ မူးယစ်ဆေးဝါးတွေကို အများပြည်သူရှေ့မှာ မီးရှို့ဖျက်ဆီးပြတာဟာ ၂၀၀၁ ကတည်းကဖြစ်ပြီး ဒီတခေါက်ဟာ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းအဖွဲ့ (အက်စ်အက်စ်အေ) ဟာ နယ်စပ်တလျှောက်မှာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို တဘက်တလမ်းကနေ ၀ိုင်းဝန်း ဆောင်ရွက်ခဲ့တဲ့အတွက် ထိုင်းရာဇ၀တ်မှုနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ကနေ အင်းစီးထောင်းန် အဝေါ့ဒ် လို့ ခေါ်တဲ့ ရွှေလင်းယုန်တံဆိပ်ဆုတခု အခုနှစ် ဇွန် ၂၃ ရက်နေ့မှာ ချီးမြှင့်ပေးခဲ့ပါတယ်။