Home
မြန်မာသတင်း
ရခိုင်စီမံဘဏ္ဍာဝန်ကြီးကို လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါ်ယူစစ်ဆေး
DVB
·
May 19, 2018
ရခိုင်​ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ရခိုင်​ပြည်​နယ်​လွှတ်​​တော်စုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါ်ယူ စစ်​​ဆေးတာတွေ စတင်လုပ်နေပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ဘဏ္ဍာရေး နှစ်အလိုက် ပြည်နယ်ရဲ့ ရန်ပုံငွေတွေကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းတွေ လုပ်ထုံး၊ လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နိုင်မှုမရှိတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီး ဦးကျော်အေးသိန်းကိစ္စနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု ရှိ၊ မရှိ ဆိုတာကို ရခိုင်က စီးပွားရေးကုမ္ပဏီပေါင်း ၁၀ ခုကျော် လာရောက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ခန်းမရုံးမှာ တပြိုင်တည်း စစ်ဆေးခံခဲ့ကြတာပါ။ စုံစမ်းရေး အဖွဲ့ခေါင်းဆောင် ဦးနိုင်ကြွေအေးက “တင်ဒါ စည်းကမ်း ချိုးဖောက်တာ ရှိ၊ မရှိ ဆိုတာကို ကုမ္ပဏီတွေကလည်း လာအစစ်ခံတာပေါ့။ ဒီနေ့က ၇ ခုကို စစ်ပါတယ်” လို့ ပြောပါတယ်။ မေလ ၁၈ ရက်နေ့ မွန်လွဲပိုင်း ၁၂ နာရီက စတင်လို့ ညနေ ၆ အချိန်အထိ ဝန်ကြီး ဦးကျော်အေးသိန်းကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဝန်ကြီးဦးကျော်အေးသိန်းကလည်း ကုမ္ပဏီတွေကို ပြန်ပြီး စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ စစ်ဆေးမှုတွေအပြီးမှာတော့ မီဒီယာတွေက ဝန်ကြီး ဦးကျော်အေးသိန်းကို အသေးစိတ်သိရဖို့ မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာမရှိပါဘူး။ ဦးနိုင်ကြွေအေးက နောက်ထပ် သက်သေ ၁၀ ယောက်ကျော်ကျန်နေသေးပြီး လက်ရှိအချိန်ထိတော့ သက်သေ ၇ ယောက်ကို အပြန်အလှန် စစ်ဆေးမှုမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။ အစိုးရနဲ့ လွှတ်တော်အကြား အတိုက်အခံလုပ်နေတာ မဟုတ်ဘဲ ရခိုင်ပြည်နယ်က စီမံကိန်းတွေကိုအကျိုး ရှိရှိ အသုံးချဖို့ဆောက်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ မြို့နယ် အလိုက်ဆောင်ရွက်ရမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ များစွာ ထိခိုက်ဆုံးရှုံးမှုတွေရှိနေတဲ့အတွက် ဝန်ကြီး ဦးကျော်အေးသိန်းကို ရာထူးမှရပ်စဲနိုင်ရေး ဥပဒေနှင့်အညီဆောင်ရွက်ပေးနိုင်ရန် လွှတ်တော် ကိုယ်စားလှယ် ၁၂ ယောက်က မတ်လ ၁၄ ရက်နေ့မှာ လက်မှတ်ရေးထိုးတင်ပြခဲ့ကြပါတယ်။ အဲ့ဒီတင်ပြချက်အရ စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဧပြီ ၉ ရက်နေ့ ရက်စွဲနဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ လက်မှတ်ရေးထိုး ဖွဲ့စည်းပေးခဲ့ပါတယ်။ အခုလိုစုံစမ်းစစ်ဆေးပြီးမှာတော့ စစ်ဆေးတွေ့ရှိချက်တွေကို လာမယ့် မေ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံကို ပြန်လည်အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024